မြင်းခြံခရိုင်၏ မိုးပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

       မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးပဲတီစိမ်း စိုက်ပျိုးမှုအနေဖြင့် (၃၄၂၉၃)ဧက စိုက်ပျိုးခဲ့ပြီး လက်ရှိရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၂၁၀၀၀)ဧကခန့်  ရိတ်သိမ်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ(၇.၀၈)တင်းနှုန်းခန့် ထွက်ရှိလျက်ရှိကြောင်းသိရှိရပါသည်။ မြို့နယ်အလိုက် စိုက်ပျိုးမှု၊ ရိတ်သိမ်းပြီးစီးမှုနှင့်တစ်ဧကအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ဧက (၃၂၅၇) ဧက၊ ရိတ်သိမ်းပြီးဧက(၂၀၃၀)ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ(၁၃.၂၆)တင်း၊ တောင်သာမြို့ နယ်တွင် စိုက်ဧက(၂၆၆၆၃)ဧက၊ ရိတ်သိမ်းပြီးဧက(၁၇၅၀၀)ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ (၆.၆၅) တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက (၄၃၇၃) ဧက၊ရိတ်သိမ်းပြီးဧက(၁၄၇၀)ဧက၊ ပျမ်းမျှအထွက် နှုန်းမှာ (၅.၈၇)  တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရပါသည်။

       ပဲတီစိမ်းအထွက်တိုးအောင် သတိပြုရမည့်အချက်များမှာ ဦးစွာစိုက်ပျိုးချိန်မှန်ကန်ဖို့လိုအပ်မှာ ဖြစ်ပါသည်။ ပဲတီစိမ်းကို မိုးဦး၊ မိုးကြို၊ မိုးလယ်၊ မိုးနှောင်း ဟူ၍ ရာသီလေးမျိုးစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးကြိုပဲတီစိမ်းကို ဖေဖော်ဝါရီလမှာ အပြီးစိုက်ပျိုးရန်နှင့် မိုးဦးပဲတီစိမ်းကို ဇွန်၊ဇူလိုင်လများမှာ အပြီးစိုက်ပျိုးရန်၊ မိုးလယ်ပဲတီစိမ်းကို ဩဂုတ်လ နှင့် စက်တင်ဘာလများမှာ အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်းသိရှိရပါသည်။ မိုးပဲတီစိမ်းကို မေ၊ ဇွန်မှာ စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလများတွင် ရိတ်သိမ်းကြောင်း သိရှိရပါသည်။ မိုးပဲတီစိမ်းစိုက်ပျိုးရာတွင် သတိပြုရမည့်အချက်များမှာ မြေမာလွန်းနေရင် ရေတစ်ကြိမ်သွင်းပြီးမှ ထယ်ရေးပြင်ရန်၊ နုန်းစနယ်နှင့် နုန်းမြေစေးဆိုရင် ရေကောင်းအောင်သွင်းနိုင်လျှင် ပန်းဖြိုင်ဖြိုင် ပွင့်ချိန်ထိ အစိုဓာတ် လုံလောက်မှုရှိပါသည်။ မိုးကြိုပဲတီစိမ်းပန်းပွင့်ချိန်မှာ မိုးကြီးမိပါက ရေထုတ် ပစ်ပြီး၊ ကြားထွန် ဝင်ပေးပါက အပွင့်ထပ်ပွင့်နိုင်ပါသည်။ မိုးဦးရာသီပဲတီစိမ်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီး၊ ပုလဲ၊ ယဉ်းမာပင်၊ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော် စသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အရှေ့ဘက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီးတို့မှာလည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြောင်း သိရှိရပါသည်။

      ပဲတီစိမ်းကို ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်း ပြီးနောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှုအပေါ်တွင် မူတည်နေမှာဖြစ်ပြီး ရိတ်သိမ်းချိန် လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့်ပတ်ဝန်းကျင် ရေဝပ်မှုမရှိစေရန်၊ သန့်ရှင်းမှု၊ သိုလှောင်ရုံဧရိယာ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ထုတ်ပိုးပစ္စည်းစသည်တို့ကို ဓာတုဆေးများဖြင့် ပက်ဖြန်းပေးရန် လိုအပ်မှာဖြစ်ပြီး၊ ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေးထိခိုင်စေမည့် အခြားဇစ်မြစ် များကိုလည်း အထူးဂရုပြုရမည်ဖြစ်ပါသည်။ သို့မှသာ အရည်အသွေးမီစွာ ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ အစိုဓာတ်ကို (၁၃)ရာခိုင်နှုန်းမှ (၁၄)ရာခိုင်နှုန်းထိ ဂရုပြုသိုလှောင်ပြီး မှန်ကန်စွာ စစ်ဆေးနေရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ၎င်းအပြင် ပဲသီးနှံများသည် အဓိကရေငွေ့ပျံခြင်း၊ စိုထိုင်းစများမှု များကြောင့်ပျက်စီးလွယ်တတ်သည်ဖြစ်၍ပတ်ဝန်းကျင်စိုထိုင်းစ (၄၀)ရာခိုင်နှုန်းထက် မပိုအောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ အထူးသဖြင့်ပိုးကျရောက်မှုမှ ကင်းဝေးစေရန် ကျရောက်တတ်သောပိုးများနှင့် အသုံးပြုရမည့်ဆေးများကို စနစ်တကျ အချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်မှာလည်း များစွာအရေးကြီးကြောင်း ဖတ်ရှုလေ့လာသိရှိရပါသည်။

      ပဲတီစိမ်းကို တောင်သူများအနေဖြင့် မိသားစုစားသုံးရန်အတွက် အသင့်အတင့် ချန်လှပ်ထား တတ်ကြောင်းနှင့် ပဲတီစိမ်းသည် မြန်မာနိုင်ငံတွင် အသုံးများသော ပဲဖြစ်ကြောင်း၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ အခြမ်းခွဲ၍ ပဲဟင်းချက်ပြီး စားသုံးကြကြောင်း သိရှိရပါသည်။ ဆန်ရှားပါးသည့် အထက်ပိုင်းဒေသအချို့တွင် ပဲခြမ်းခွဲ၍ ဆန်ဖြင့်အတူရောပြီး ပဲထမင်းချက်ကာ စားသုံးကြကြောင်း သိရှိရပါသည်။

     မြင်းခြံဈေးကွက်အတွင်း လေ့လာမှုအရ လတ်တလောပဲတီစိမ်းများ ဝင်ရောက်မှုမရှိသေးပါကြောင်းနှင့် ရိတ်သိမ်းနေပြီဖြစ်သည့်အတွက် မကြာမီရက်ပိုင်းအတွင်း ဈေးကွက်သို့ ဝင်ရောက်လာတော့မှာဖြစ်ပါကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)