ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာ

Powered by Drupal

     ယခုအချိန်ကာလသည် သီးနှံစိုက်ပျိုးကြသည့် တောင်သူများအတွက် အဓိကလိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် (ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေး)ဈေးနှုန်းများသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများအနေဖြင့် သွင်းအားစုများဖြစ်ကြသည့် ဓာတ်မြေဩဇာများကို ယခင်နှစ်များကဲ့သို့ အသုံးပြုနိုင်ခြင်း မရှိကြောင်း သိရှိရသည်။ သီးနှံအထွက်နှုန်းတိုးစေရန် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို နှစ်စဉ်ဆက်တိုက် လွန်ကဲစွာသုံးစွဲပါက မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်းနှင့် ၊ ဓာတုဓာတ်ကြွင်းများကြောင့် လူနှင့်သတ္တဝါများ အသက်အန္တရာယ် ဆုံးရှုံးမှုများဖြစ်စေသည့် ဘေးထွက်ဆိုးကျိုးများ လည်းဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြေဆီလွှာ ကို ပြုပြင်ပေးပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းကာ တောင်သူများအတွက် အကုန်အကျလည်း သက်သာစေသော ပိုက်ဆံလျှော်အကြောင်းကို လေ့လာသိရှိရသမျှ ရေးသားဖော်ပြပေးလိုပါသည်။ သက်တမ်းတိုတိုအတွင်း အပင်ကြီးထွားမှုမြန်ဆန်၍ နိုက်ထရိုဂျင်ပမာဏ များများထုတ်ပေးသည့်  ပိုက်ဆံလျှော်ပင်ကို အခြားသီးနှံများ မစိုက်ပျိုးမှီ သက်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးပါက အကျိုးများသည့် သီးနှံဖြစ်ပါသည်။  ပိုက်ဆံလျှော်၏ အရည်အချင်းလက္ခဏာ များမှာ အပင်ကြီးထွားမှု နှုန်းမြန်ဆန်ပြီး သဘာ၀ သစ်စိမ်းမြေဩဇာ အဖြစ်ထင်ရှားခြင်း၊ အပင်ပိုင်းကြီးထွားမှုမြန်သကဲ့သို့ အမြစ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု အားကောင်းသည့်အပင် ဖြစ်သဖြင့် မြေဆီလွှာများ၏ အပေါ်ယံ မြေလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်း၊ မြေအောက်ရေကိုထိန်းပေးခြင်း၊ မြေဆီလွှာကို ပြန်လည် အားပြည့် ကောင်းမွန်လာစေပြီး မြေဆီလွှာပျက်စီးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ကိုလည်း ကာကွယ်ပေးခြင်း စသည့်အရည်အချင်းလက္ခဏာများစွာရှိပါသည်။

          ပိုက်ဆံလျှော်ကို ရာသီအားလုံးတွင်စိုက်ပျိုးနိုင်ပါသည်။ ခြောက်သွေ့ခြင်း ကိုခံနိုင်ပြီး ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ မြေစေးများတွင်လည်းစိုက်ပျိုးနိုင်သကဲ့သို့ မြေဆီမြေနှစ် မကောင်းသော မြေများတွင်လည်းစိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်ကဲ့သို့ ‌အေးသောနေရာများတွင် ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးထုတ်လုပ်အောင်မြင်သည်ကို သိရှိရပါသည်။ မကွေး၊ ပွင့်ဖြူ ကဲ့သို့သော အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုး အောင်မြင်သည်ကို အထောက်အထားများအရ သိရှိရပါသည်။ နေရာဒေသများကွဲပြားပါက စတင်စိုက်ပျိုးချိန်များ ကွဲပြားနိုင်ပါသည်။ အအေးများသော ဒေသများတွင် နှင်းအလွန်ကျ သောအချိန်များကို ရှောင်၍စိုက်ပျိုးရမည်ဖြစ်သည်။ ပိုက်ဆံလျှော်ကို လျှော်အဖြစ်ထုတ်လုပ်နိုင်သည့်အပြင် သစ်စိမ်းမြေဩဇာအဖြစ်လည်း အသုံးဝင်လှသော ပိုက်ဆံ လျှော်သည် စိုက်ပျိုးရေးအခန်းကဏ္ဍတွင်အ‌ရေးပါလာပြီဖြစ်ပါသည်။ ပိုက်ဆံလျှော်၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြောင်းသိရှိရပြီး သက်တမ်းအားဖြင့် (၄)လမှ (၅) လ အထိကြာမြင့်ကြောင်း သိရှိရပါသည်။ ယခုအခါ ပိုက်ဆံလျှော်ကို အပူပိုင်း၊ သမပိုင်းနှင့် အချို့အအေးပိုင်းဒေသများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှုရှိလာသည်ကို တွေ့ရှိရပါသည်။  ပိုက်ဆံလျှော်အပင်မှ ရရှိသော လျှော်ဖြင့် လူသုံးကုန်များထုတ်လုပ်နိုင်သည့်အပြင် ကျွဲ၊ နွား အစားအစာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ပိုက်ဆံလျှော်၏ ထူးခြားသော အကျိုးကျေးဇူးတစ်ခုမှာ မြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်းပင်ဖြစ်ပါသည်။ မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက သီးနှံ အပင်များ နှစ်သက်သော အဟာရတန်ဖိုးများစွာပါဝင်သည့်အပြင် ကျွဲ၊ နွား အစားအစာအဖြစ် အသုံးပြုပါက ကျွဲ၊ နွားများအတွက် ပရိုတိန်းဓာတ်များစွာ ပါဝင်ကြောင်း သိရှိရသည်။ အာဟာရ ပါဝင်မှုမှာ အပင်၏အစိတ်အပိုင်းအလိုက် ကွဲပြားမှုရှိ ကြောင်းလည်း သိရသည်။  အရွက်တွင် အာဟာရတန်ဖိုးအများဆုံးဖြစ်ပြီး နိုင်ထရိုဂျင် ၄.၅၂ ရာခိုင်နှုန်းအထိပါဝင်ကြောင်း သိရှိရသည်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုပါကလည်း ယူရီးယား ဓာတ်မြေဩဇာတစ်အိတ်၏ အာနိသင်နှင့် ညီမျှကြောင်း သိရှိရသည်။

          ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ်ပြုလုပ်အသုံးပြုမည်ဆိုပါက (စပါး၊ ပဲ၊ နှမ်း၊ ပြောင်း ) စသည့် မည်သည့်သီးနှံမဆို စိုက်ပျိုးမည့်မြေမှာ မစိုက်ပျိူးမှီ ပိုက်ဆံလျှော်မျိုးစေ့ကို ပက်ကျဲထားပြီး အပင်ရက် (၄၅) ရက်သားအရွယ်ရောက်သည့်အချိန်တွင်  ထယ်ထိုး၊ ထွန်မှောက်ပြီး (၂)ပတ်အကြာ ထားကာ ‌ရေသွင်းလိုက်လျှင် စိုက်ပျိုးမည့်မြေကိုပြုပြင်ပေးပြီး သစ်စိမ်းမြေဩဇာဖြစ်လာပါသည်။ သို့မဟုတ် ပိုက်ဆံလျှော်အပင်များကို အခြားစိုက်ခင်း တစ်ခုတွင်စိုက်ပျိုးပြီးနောက် သီးနှံစိုက်ပျိုးမည့် ကွင်းအတွင်း သို့သယ်ဆောင်ကာ ထည့်သွင်း ပေးခြင်းဖြင့်လည်း အသုံးပြုနိင်သည်။ ထို့အပြင် စိုက်ပျိုးပြီးသော ပိုက်ဆံလျှော် အပင်များကို အခြောက်လှန်းထုထောင်းခြင်းဖြင့် အချိန်ကြာမြင့်စွာ သိုလှောင်နိုင်ပြီး ပိုက်ဆံလျှော် မြေဩဇာ အဖြစ်အသုံးပြုနိုင်သည်။ အချို့နေရာများတွင် ဒေသရာသီဥတုနှင့် မကိုက်ညီသဖြင့် စိုက်ပျိုး ရန်မဖြစ်နိုင်သောနေရာများတွင် အခြောက်လှန်းထားသော ပိုက်ဆံလျှော်မြေဩဇာကို အသုံးပြုနိင်သည်။ ပိုက်ဆံလျှော်ကို ကြဲပက်၍ သော်လည်းကောင်း၊ အတန်းလိုက် သော်လည်း ကောင်း စိုက်ပျိုးနိုင်သည်။ သစ်စိမ်းမြေဩဇာ အဖြစ်အသုံးပြုမည်ဆိုပါက အများအားဖြင့် မိုးရာသီတွင် စိုက်ပျိုးလေ့ရှိကြောင်းသိရပါသည်။ နှစ်သက်သောရာသီဥတုမျိုးဖြစ်ပါက နှစ်ရက်မှ သုံးရက်အတွင်း အပင်များ ပေါက်လာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အပင်ပေါက် မြန်သောအမျိုးအစားဖြစ်ပြီး ပေါင်းမြက်များကိုလည်း နှိမ်နင်းနိုင်သည်ဟု ဆိုပါသည်။ ပိုက်ဆံ လျှော်၏အားသာချက်မှာ အထူးတလည် မြေယာပြုပြင်စရာ မလိုပဲ စိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။

       သစ်စိမ်းမြေဩဇာသည် မြေဆီလွှာအား ပြန်လည်ကောင်းမွန်အားပြည့်လာစေပြီး သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း တားဆီးရာရောက်ပါသည်။ ထိုကဲ့သို့ မြေဆီလွှာအတွက် ကောင်းကျိုး များစွာပေးပြီး စိုက်ပျိုးသူ တောင်သူကြီးများအတွက် ငွေမကုန် လူမပင်ပန်းပဲ အကုန်အကျ သက်သာစေသော ပိုက်ဆံလျှော်ကို နိုင်ငံခြားဖြစ်ဓာတ်မြေဩဇာများအစား အစားထိုး စိုက်ပျိုးသုံးစွဲ ပါက မြေဆီလွှာပျက်စီးမှုနည်းကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူကြီး များ၏ မြေယာပြုပြင် စရိတ်အတွက် အကုန်အကျသက်သာစေရုံသာမကပဲ စားသုံးသူပြည်သူများအတွက်ပါ ကျန်းမာရေးနှင့် ညီညွတ်သော အသီးအနှံများကို စားသုံးခွင့်ရမှာဖြစ်သည့် အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဓာတ်မြေဩဇာအစားထိုး ပိုက်ဆံလျှော်အပင်များကို စိုက်ပျိုးသုံးစွဲကြည့်နိုင်စေရန် အကြံပြုရေးသား လိုက်ရပါသည်။

DOCA(စစ်ကိုင်း)