စစ်ကိုင်းမြို့၏ အောင်မြင်ကျော်ကြား ငွေထည်၊ ကြေးထည်လုပ်ငန်းများ

Powered by Drupal

        ကမ္ဘာ့အလယ်တွင် မြန်မာဟုဂုဏ်တင်ဝင့်ကြွား စကားဆိုနိုင်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု စစ်စစ်အမွေအနှစ်တို့ ခိုင်မာတောင့်တင်း စွမ်းအားမြင့်မားခြင်းအပေါ်တွင် တည်မီသည်ဟုယုံကြည်ပါသည်။ ထို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းပညာ(၁၀)ဖြာမှာ ရှေ့တန်းမှ ပါဝင်ကြောင်း တွေ့ရသည်။ ပန်းပညာ(၁၀)ဖြာမှာ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတည်း၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊  ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ဖြစ်ပါသည်။

          ပန်း(၁၀)ဖြာအနက် ပန်းတိမ်ဟုခေါ်သော အတတ်ပညာသည် ယခုရွှေပန်းတိမ်၊ ငွေပန်းတိမ်ဟု ခွဲခြားသော်လည်း မူလပညာရပ်မှာမူ တစ်မျိုးတည်းဖြစ်သည်။ သို့သော် အခေါ်အဝေါ်အားဖြင့် သီးခြားတစ်မျိုးစီကဲ့သို့ ခေါ်ဝေါ်အသုံးပြုနေကြသည်။ ငွေပန်းတိမ်ပညာရပ်တွင် အသုံးပြု ကြရမည့် အခြားအတတ်ပညာရပ်တို့မှာ ပန်းပဲ၊ ပန်းချီ၊ ပန်းပု၊ ပန်းယွန်း၊ ပန်းတည်း ပညာရပ်များ အများအပြား ပါဝင်လျက်ရှိသည်။ ပန်းချီ၊ ပန်းပု၊ ပန်းယွန်းနှင့် ဗိသုကာအတတ်ပညာတို့တွင် အသုံးပြုသော အမွမ်းအပြောက်များကိုလည်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေပန်းတိမ်ပညာဖြင့် အသုံးပြုလုပ်ကိုင်ရသည့် အထည်ပစ္စည်းများတွင် လိုအပ်သော အချက်အလက်များ၊ အတိုင်းအထွာများ၊ နည်းစနစ်များသည် အခြားသောပန်းမျိုးတို့နှင့် ဗိသုကာအတတ်ပညာများ၌ အသုံးပြုသောနည်းစနစ်များစွာပါရှိနေသောကြောင့်ဖြစ်သည်။

        မြန်မာနိုင်ငံတွင် ငွေပန်းတိမ်လက်ရာ အထောက်အထားအဖြစ် ၁၉၂၆ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှ သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ) ခင်ဘားကုန်းတွင် တူးဖော်တွေ့ရှိ ရသော ပစ္စည်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ခန့်က ငွေပန်းတိမ်လက်ရာများမှာ ပြောင်မြောက်စွာ လုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း သိရပါသည်။

စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည် ဈေးကွက်

      ငွေပန်းတိမ်ပညာကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းယဉ်ကျေးမှုအမွေအဖြစ် လုပ်ကိုင်လျက်ရှိရာ ယခုအခါ စစ်ကိုင်းမြို့တွင် အောင်မြင်ကျော်ကြားသည့် ငွေထည်၊ ကြေးထည် (ငွေပန်း တိမ်) လုပ်ငန်းသည့် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၌ တစ်ပိုင်တစ်ပိုင် လုပ်ငန်းရှင်ပေါင်း ( ၂၅၀ )ဦး၊ ပညာရှင်(၁၀၀)ဦးခန့်၊ လုပ်သားအင်အား ၈၀၀ကျော် ၁၀၀၀နီးပါးရှိပြီး၊ စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်း အဝိုင်းပတ်ကျော်လာလျှင် မန္တလေး - မုံရွာ ကားလမ်း ဘေးဘယ်ညာတစ်ဖက်တစ်ချက်စီ၌ ငွေထည်ကြေးထည် အရောင်းဆိုင်(၂၀)ကျော်ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ ကုန်ချောပစ္စည်း များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့ကြီးများသို့ရောင်းချသည့်အပြင် မုံရွာမြို့တွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲ (၂)ကြိမ် ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးများကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူ ဝယ်ယူမှုများရှိကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည် ဈေးနှုန်း

        ငွေထည်၊ ကြေးထည် ပစ္စည်းအမယ်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိရာ ရောင်းဈေးနှုန်း များမှာ အရွယ်အစား အကြီး/အသေးပေါ် မူတည်၍ ငွေဆွမ်းအုပ် တစ်လုံး ကျပ် ၈သောင်းမှ ကျပ် ၁၅သိန်းကြား၊ ငွေဖလား တစ်လုံး ကျပ် ၈သောင်း မှ ကျပ်သိန်း ၁၅၀ကြား၊ ကြေးရေစက်ချခွက် တစ်လုံး ကျပ် ၄သောင်းမှ ကျပ် ၁သိန်း၅သောင်းကြား၊ ငွေရေစက်ချခွက်တစ်လုံး ကျပ် ၁၆သိန်းမှ ကျပ်သိန်း ၂၀ကြား၊ ငွေ စောင်းတစ်ခု ကျပ်၃သိန်းမှ  ကျပ် ၁၀သိန်းကြား၊ ငွေ ဘုရားပန်းအိုး တစ်လုံး ကျပ် ၆သိန်းမှ ကျပ်သိန်း ၅၀ကြား၊ ငွေဘုရားပန်းအိုးကို အသုံးနည်းပြီး ကြေးဘုရားပန်းအိုးများကို  အသုံးပြုမှုများကြောင်း၊ ကြေး ဘုရားပန်းအိုး တစ်လုံးကျပ် ၁သောင်းမှ ကြေး အလှပန်းအိုးအကြီး ကျပ်  ၁၅ သိန်းကြား၊  ကြေးဘုရားဆင်တု ကျပ် ၁သောင်း ၅ထောင် မှ ကျပ် ၂သိန်းကြား၊ ကြေးဖြင့် ပြုလုပ်ထားသော ပန်းချီကားတစ်ချပ် ကျပ် ၆သောင်းမှ ကျပ် ၂သိန်းကြား ပေါက်ဈေးအသီးသီးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

သုံးသပ်တင်ပြချက်

        မြန်မာ့ငွေထည်၊ ကြေးထည်လုပ်ငန်းများ ဆတက်ထမ်းဖိုး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ငွေနှင့်ကြေးသတ္တုများကို ပြည်တွင်းမှ အရည်ကြို ကြေးနှင့် အထည်ပျက်ငွေထည်များကို ဝယ်ယူသုံးစွဲရခြင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူရခြင်း၊ ပြည်တွင်းမှ ဝယ်ယူရရှိသည့် ကုန်ကြမ်းများမှာလည်း သုံးစွဲစွန့်ပြစ်ပစ္စည်းများဖြစ်၍ သန့်စင်ရန် အကြိမ်ကြိမ် အရည်ကျို အသုံးပြုနေရသည့်အတွက် လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံတော်အစိုးရမှ လုပ်ငန်းရှင်များအား ဖြည့်ဆည်းရောင်းချပေးလျှင်လည်းကောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချခွင့်အား သတ်မှတ်သည့် မူဝါဒများနှင့် အခွန်နှုန်းထားများကို ဖြေလျော့ခွင့်ပြုမည့်ဆိုပါက စစ်ကိုင်းမြို့၏ ငွေထည်ကြေးထည် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ကိုယ်စားပြု တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)