ရေတာရှည်မြို့နယ်၊ အထက ဆွာမြို့တွင် အသိပညာပေးဟောပြော ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဟောပြောပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောပါသည်။

     ထို့အတူ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးငွေစိုးက အား ကစားသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၃၆၀ ဦး တက်ရောက်ခဲ့ပါသည်။

      ဟောပြောပွဲအပြီးတွင် စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်နှင့် မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးတို့သည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော မုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ‌ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)