ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်ကြသော်လည်း ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော ဆီးပင်စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်း ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများအပြားစိုက်ပျိုးလျက်ရှိပါသည်။ တောင်သူအများစုသည် ဆီးပင်စိုက်ပျိုးရာတွင် အလုံးကြီးပြီး အရည်အသွေးကောင်းမွန်၍ အရသာရှိသောထိုင်ဝမ်ဆီးသီးများကိုသာ အများဆုံးစိုက်ပျိုးလာကြကြောင်း၊ ဆီးပင်စိုက်ပျိုးရာတွင် ဆီးအချဉ်ပင်မှ အချိုပင်ဖြစ်အောင် ကိုင်းကူး၍ ပြန်လည်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် (၁၅)ပေခြား၍ စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ပျိုးပင်(၁၀၀)ပင်စိုက်ပျိုးရပြီး စတင်စိုက်ပျိုးသည့်အချိန်မှ(၂-၃)နှစ်ခန့်အကြာတွင် ဆီးသီးများကို စတင်ခူးဆွတ်ရပါသည်။ ထိုင်ဝမ်ဆီးသီးများကို နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် လှိုင်လှိုင်ထွက်ပေါ်နေပြီး တစ်ပတ်ခူးဆွတ်မှုအနေဖြင့် (၁၀)ပြည်ပါဖာ(၂၅ ဖာမှ ၃၀ ဖာ)အထိရရှိပြီး ယိုစုံလုပ်ငန်းရှင်များကလည်း ဆီးးခြံအထိလာရောက်၍ ဝယ်ယူလျက်ရှိကြောင်း၊ ဖောက်သည်ဈေးအနေဖြင့် ဆီးသီး (၁၀)ပြည်ပါတစ်ဖာလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ (၉၀၀၀ ကျပ်မှ ၁၂၀၀ဝိ ကျပ်)အထိဈေးရှိပြီး လက်လီဈေးနှုန်းအနေဖြင့် ထိုင်ဝမ်ဆီးသီးတစ်ပြည်လျှင် အလုံးကြီးကို(၁၅၀ဝိ/-)ကျပ်၊အလုံးသေးကို (၁၀၀ဝိ/-)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် ထိုင်ဝမ်ဆီးသီးများမှာ အထွက်နှုန်းကောင်းမွန်သည့်အပြင် အရောင်းအဝယ်သွက်၍ ဈေးကောင်းရရှိနေသည်ဟု ဆီးသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)