“မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ဆီးသီး(အချဉ်မျိုး)”

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစန်းအောင် ဒု-ဦးစီးမှူးသည်(၁၉-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) ချိန်တွင် မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၊ သဖန်းပင်ရိုးကျေးရွာနှင့် (တောင်)ဆည်ကုန်းကျေးရွာများသို့ ဆီးသီး(အချဉ်မျိုး)နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ဆီးသီး(အချဉ်မျိုး)အပင်များသည် အပူပိုင်းဒေသတွင် ပေါက်တတ်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး နှစ်ရှည်သီးပင်အမျိုးအစားဖြစ်ပါသည်။ ထိုအပင်များသည် တောင်သူများ၏ လယ်ကန်သင်း၊ ယာကန်သင်းနှင့် မြေလွတ်နေရာများတွင် သဘာဝအလျောက် အလေ့ကျပေါက်လျက်ရှိသည်ကိုတွေ့ရပါသည်။ တောင်သူများအနေဖြင့် ဆီးသီးများကို နှစ်စဉ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ (၃)လခန့်ခူးဆွတ်ပြီး ရောင်းချကြရကြောင်း၊ အရွယ်ရောက်ပြီးသော ဆီးပင်ကြီး(၁) ပင်ကို (၁) ရာသီလျှင် (၂၀ မှ ၂၅) တင်းအထိ ထွက်ရှိကြောင်း၊ ခူးဆွတ်ပြီး ရရှိလာသောဆီးသီးများကို နေလှမ်းအခြောက်ခံပြီး ကျေးရွာအရောက် လာရောက်ဝယ်ယူကြသော ပွဲစားများထံသို့လည်းကောင်း၊ မြို့ပေါ်ရှိ ဆီးသီးပွဲရုံအဝယ်ဒိုင်များသို့လည်းကောင်း တင်ပို့ရောင်းချကြပါသည်။ ယခင်နှစ်က ဆီးသီးခြောက် (၁) တင်းလျှင် (၄၅၀၀ိ/-မှ၅၀၀၀ိ/-)ကျပ်စျေးနှုန်းသာရရှိခဲ့သော်လည်း ယခုနှစ်တွင် လက်ရှိပေါက်စျေးမှာ (၁) တင်းလျှင် (၉၅၀၀ိ/-မှ ၁၀၀၀၀ိ/-)ကျပ်အထိ စျေးနှုန်းရရှိသည့်အတွက် ယခင်နှစ်ထက် နှစ်ဆဝင်ငွေပိုမိုရရှိကြောင်း တောင်သူများထံမှသိရှိရပါသည်။ အရွယ်ရောက်ပြီးသောဆီးပင် (၁) ပင်ရှိလျှင်ပင် (၁) ရာသီအတွင်း ၂၅၀၀၀၀ိ/- ကျပ်ခန့် ဝင်ငွေရရှိကြောင်းသိရှိရပါသည်။

   ဆီးသီး(အချဉ်မျိုး)အပင်များသည် မြေလွတ်နေရာနှင့် လယ်ကန်သင်း၊ ယာကန်သင်းများတွင် အလေ့ကျပေါက်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်မရှိခြင်း၊ ပြုစုပျိုးထောင်ပေးရန်မလိုခြင်း၊ မိသားစုအပိုဝင်ငွေရရှိခြင်း၊ အရှုံးမရှိပဲ အမြတ်အစွန်းသာရှိခြင်း၊ အပင်များများရှိလျှင် ရှိသလောက် အကျိုးရှိခြင်းတို့ကြောင့် ကျေးလက်နေတောင်သူများကို သဘာဝကပေးသော လက်ဆောင်အဖြစ်ရှိနေမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တန်ဖိုးရှိလှသော ဆီးပင် (အချဉ်မျိုး)များကို စနစ်တကျစိုက်ပျိုးပြီး သေချာဂရုစိုက်ပြုစုပေးမည်ဆိုလျှင် ယခုထက်မကသောဝင်ငွေများ မလွဲဧကန်ရရှိနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

DOCA(မန္တလေး)