အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများလုံခြုံစိတ်ချရသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူး၏ လမ်းညွန်မှုအရ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့်အတူ ဌာနမှဝန်ထမ်းများသည် အင်းတော်မြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းမုန့်ဈေးတန်း မှ မုန့်ရောင်းချသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသော တားမြစ်စားသောက်ကုန်များနှင့်ဆေးဝါးများ၊ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသော စားသောက်ကုန်များနှင့်သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်များအား ဝယ်ယူစားသုံးခြင်းမပြုရန်ရန်နှင့် ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်း၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံး မှုများဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) များမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် DOCA Myanmar Mobile Application နှင့် Consumer Call Center 1535 တို့မှလည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၅) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၅၀) ဦး၊ အခြား တက်ရောက်သူ(၁၀)ဦး စုစုပေါင်း (၂၈၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဌာနနှင့်သက်ဆိုင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 DOCA(စစ်ကိုင်း)