လွိုင်ကော်တက္ကသိုလ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော် တက္ကသိုလ် Theatre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင်လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်မှ စားသုံးသူကာကွယ်ပေးရေးသည် အလွန်အရေးကြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း Consumer Right သည်အရေးပါကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာများ လာရောက်ဟောပြော ဆွေးနွေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

         ထို့နောက်ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါ ရှိသည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊

       စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် သတ်မှတ်ချက်များအားလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို    မေးမြန်းနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား /ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး၊ ဗွီနိုင်းများကို လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

 DOCA(ကယား)