နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တစ်နိုင်ငံလုံး စိုက်ပျိုးမည့် နွေစပါးစိုက်ဧက (၈၅၀,၀၀၀)တွင် မကွေးတိုင်းဒေသကြီးမှ ဧက(၂၅၀၀၀)စိုက်ပျိုးရန်သတ်မှတ်ခဲ့ပြီး ပွင့်ဖြူမြို့နယ် အနေဖြင့် ဧက(၁၅၀၀၀) စိုက်ပျိုးရန် လျာထားခဲ့ရာ အချိန်မီလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သော မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ (၂၁.၁.၂၀၂၃) ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဖလံတောကျေးရွာ အုပ်စုသို့ သွားရောက်ကွင်းဆင်း၍ စိုက်ပျိုးမည့်တောင်သူများနှင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ပွင့်ဖြူမြို့နယ်သည် မဲဇလီ ရေလွှဲဆည်မှတဆင့် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး နှစ်သွယ်မှ ဆည်ရေများ ရရှိပြီး ရေခံမြေခံကောင်းများရှိပါသဖြင့် မကွေးတိုင်းဒေသကြီး၏ နွေစပါးစိုက်ဧက (၅)ပုံ (၃)ပုံအား တာဝန်ယူစိုက်ပျိုးရခြင်း ဖြစ်ပါကြောင်း၊ တောင်သူတစ်ဦး ခေါင်းဆောင်သော (၁၀)ဦးအဖွဲ့ (၁)ဖွဲ့ ဖွဲ့ပေး ခြင်းများအားလည်း အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖွဲ့စည်းပေးနိုင်ရေး၊ သွင်းအားစုများကိုလည်း တောင်သူလက်ဝယ်အမြန်ရရှိနိုင်ရေး၊ သွင်းအားစုကုမ္ပဏီများနှင့်လုပ်ဆောင်ရမည့်အချက်များ၊ နွေစပါးပေါ်ချိန်တွင် ဝယ်ယူကြိတ်ခွဲမည့် အဖွဲ့မှဝယ်ယူမည့်အစီအစဉ်များ၊ ဆည်မြောင်းမှရေပေးဝေမှု အခြေအနေများ၊ စီမံကိန်းတွင် တောင်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ ကျေးရွာအုပ်စု(၂၀)၊ ကွင်းပေါင်း(၇၉)ကွင်း၊ ဦးပိုင် ပေါင်း(၆၆၃၃) နှင့် ဧကပေါင်း(၁၅၀၀၀) စိုက်ပျိုးရမှာဖြစ်ပါကြောင်း မိမိတို့မြို့နယ်မှ တောင်သူများ အားလုံးပူးပေါင်းပါဝင် ပေးကြပါရန်နှင့် စီမံကိန်းပါ အချက်အလက်များ အား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ပွင့်ဖြူမြို့နယ် နွေစပါးစီမံကိန်းတွင် ပါဝင်သောစိုက်ပျိုးမည့် တောင်သူများအနေဖြင့် တောင်သူအစုအဖွဲ့များဖွဲ့၍ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းဖြင့် မှန်ကန်သော မျိုး၊ မြေဩဇာများကို အရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ နိုင်ငံတော်မှ တစ်ဧက လျှင်ကျပ်(၂)သိန်းနှုန်း ထုတ်ချေးမည့်ငွေမှ ကျခံသုံးစွဲ သွားမည့်ဖြစ်ကြောင်း၊ ရောင်းချသည့်အချိန်တွင်လည်း တစ်ဦးချင်းရောင်းချခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာများမှ ကြီးကြပ်၍ စက်ပိုင်အစုအဖွဲ့များသို့ ရောင်းချရမည်ဖြစ်၍ ဈေးနှုန်းမှန်ကန်ခြင်း အလေးချိန်မှန်ကန်ခြင်း အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ရမည် ဖြစ်၍ “ကုသိုလ်လဲရ ဝမ်းလည်းဝ” ၍ အကျိုးကျေးဇူးများမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)