စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မည့်အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

             စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်မည့် အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါအခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် နှစ်ပိုင်းရှိပါကြောင်း၊ ပထမတစ်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိစား သုံးသူပြည်သူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲကြရာတွင် လုံခြုံစိတ်ချရမှုရှိ စေရေးနှင့်အခြေခံ လိုအပ်ချက် များနှင့်ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ကြမည့် အစီအမံများဆွေးနွေးဖေါ်ထုတ်ရန်နှင့် ဒုတိယတစ်ပိုင်းမှာ ကဏ္ဍအလိုက်ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သက်ဆိုင်ရာ လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးဖော် ထုတ်ရန်ဖြစ်ပါကြောင်း၊ ထိန်းကျောင်းဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့်ကဏ္ဍများနှင့်ပတ်သက်သည့် ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းရှင်များကလည်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန်ဖြစ်ပါကြောင်း၊ ဖော်ထုတ်ချက်များကို စားသုံးသူရေးရာ ကော်မတီ အစည်းအဝေးတွင် ချပြဆွေးနွေးပြီး အစီအမံများချမှတ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

      အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အာမခံရ ပေးရမည့်အချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန တိုင်းဒေကြီးဦးစီးဌာနမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်၊ အလှကုန်နှင့်ဆေးဝါး တင်သွင်း၊တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ရောင်းချခြင်းတို့အပေါ် ထိန်း​ကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးအောင်ကြည်ဝင်းက  စိုက်ပျိုးရေးသုံးဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများအပေါ် ထိန်းကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒေါ်သန်းသန်းနွယ်က ဟိုတယ်နှင့်တည်းခိုခန်းများအပေါ် ထိန်းကျောင်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် လုပ်ငန်းရှင်များ၏ မေးခွန်းများ၊ အကြံပြုချက်များအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေး ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူ-စစ်ကိုင်း