စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရပါသည်။
ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင်တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့်အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)ထွက်ရှိကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ပင်ခန့်စိုက်ပျိုးထုတ်လုပ်မှုတွင် ကုန်ကျစရိတ်မှာ ကျပ် ၁၅ သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုအပေါ်မူတည်၍ ကွမ်းသက်တမ်းမှာ (သုံးနှစ်မှ ခုနှစ်နှစ်)အထိကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်းသိရပါသည်။
မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ စတုတ္ထအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀)ဈေးနှုန်းရရှိပြီး ယခု ဖေဖော်ဝါရီ ပထမအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ငွေကျပ် ၁၀၀၀၀ မှ အမြင့်ဆုံးဈေး ကျပ်(၁၃၀၀၀-၁၃၅၀၀) ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ကွမ်းစိုက်တောင်သူများမှာ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)