ပွင့်ဖြူမြို့နယ်၌ ထောပတ်ခရမ်းစိုက်ပျိုးသူ တောင်သူများ ဝင်ငွေကောင်း၍အဆင်ပြေလျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများသည် မိရိုးဖလာလယ်ယာလုပ်ငန်းအပြင် ဥယျာဉ်ခြံမြေများတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ထောပတ်ခရမ်းကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရပါသည်။ ခရမ်းပင်ကို နေရာဒေသမရွေး၊ ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလွယ်သောကြောင့် တောင်သူများအားထားစိုက်ပျိုးကြသော သီးနှံတစ်မျိုးဖြစ်ပြီး၊ ပွင့်ဖြူမြို့နယ် ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသစ်နှင့် မုန်းနားစု စသောကျေးရွာများမှ တောင်သူများသည် ခရမ်းမျိုးများစွာရှိသည့်အနက် စားသုံးသူများအကြိုက်တွေ့၍ အရသာအရှိဆုံးဖြစ်သည့် ထောပတ်ခရမ်းမျိုးကို စိုက်ခင်းတစ်ခင်းလျှင် အပင်ရေ(၂၀၀)ပင်ခန့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

      ထောပတ်ခရမ်းစိုက်ပျိုးရာတွင် မျိုးစေ့များကို အရင်ပျိုးရကြောင်း၊ ပျိုးပင်များအရွက် (၅)ရွက်ခန့်ရရှိလျှင် စိုက်ပျိုးမည့်စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရပြီး၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးကြပြီး အပင်တစ်ပင်နှင့်တစ်ပင်ကြား (၂) ပေခန့်အကွာ၊ အတန်းတစ်တန်းနှင့်တစ်တန်းကြား (၃) ပေခန့်ခွာ၍ စိုက်ပျိုးကြကြောင်း၊ ခရမ်းပင်သည် ရေဝပ်ခြင်းကိုမကြိုက်ဘဲ မြေတောင်မြှောက်ပေးခြင်း၊ ဘောင်ဆယ်ခြင်းများ ပြုလုပ်ပေးရန်လိုအပ်ပြီး အသီးသီးချိန်တွင် အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုမဖြစ်စေရန် တိုင်ထောင်ပေးရကြောင်း၊ အပင်စိုက်ပျိုးချိန်မှ (၃)လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး (၃)ရက်လျှင် တစ်ကြိမ်ခန့် အလှည့်ကျခူးဆွတ်နိုင်ကြောင်း၊ အပင်သက်တမ်းမှာ (၈)လခန့်ရှိပြီး၊ ထောပတ်ခရမ်း စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် (၃၀)ပိဿာမှ (၃၅)ပိဿာခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀) မှ ကျပ်(၁၈၀၀)အထိဈေးကောင်းရရှိကြောင်း၊ နောက်ပိုင်းတွင် အသီးအားကောင်း၍ အသီးလှိုင်လှိုင်ပေါ်ချိန်၌ တစ်ခါခူးဆွတ်လျှင် ပိဿာချိန် (၈၀) ပိဿာမှ (၈၅) ပိဿာခန့်အထိထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၈၀၀)မှ ကျပ်(၁၀၀၀)အထိရရှိကြောင်းသိရှိရပါသည်။ ပွင့်ဖြူဒေသထွက် ထောပတ်ခရမ်းများကို စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့တင်ပို့ရောင်းချပြီး ကုန်ကျစရိတ်နည်းပါး၍ အကျိုးအမြတ်များစွာရရှိသောကြောင့် ပွင့်ဖြူဒေသရှိ ထောပတ်ခရမ်း စိုက်ပျိုးသူ တောင်သူများမှာ ဝင်ငွေများစွာရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)