ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

     ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန်  သက်ဆိုင်ရာဌာနအသီးသီးနှင့် လုပ်ငန်းရှင်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြည်နယ်ရှိ သယံဇာတအရင်းအမြစ်များကိုအခြေခံပြီး အဆင့်မြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊  လွိုင်ကော်စက်မှုဇုန်ကိုလည်း ယခုထက်ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ကယားပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

       ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(ကယား)