စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၂.၂၀၂၃ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် ဗန်းမော်မြို့ရှိ ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထာသည့် အရည်အသွေးစံ သတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက် နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းတို့သည် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်ကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဗန်းမော်မြို့ရှိ ပို့ကုန်သွင်းကုန်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)