တောင်သူများတွက်ခြေကိုက်ပြီး စိုက်ပျိုးသင့်သော အစေ့ထုတ်ပြောင်း

Powered by Drupal

      အစေ့ထုတ်ပြောင်းသည် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူနေသော သီးနှံတစ်မျိုးဖြစ်ပြီး ယခင်ကပြည်တွင်း၌ စက်မှုကုန်ကြမ်းသီးနှံအဖြစ်သာမက ပြည်တွင်းမွေးမြူးရေးလုပ်ငန်းအတွက် အဓိကတိရစ္ဆာန်အစားအစာအဖြစ်လည်း စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ အစေ့ထုတ်ပြောင်းမှာ ပြောင်းစေ့၊ ပြောင်းဆံသာမက ပြောင်းပင်နှင့်ပြောင်းရိုးများကို နွားစာအဖြစ်လည်းကောင်း၊ ပြောင်းဖတ်ကို ဆေးလိပ်တွင် အစီခံလုံးအဖြစ်လည်းကောင်း၊ ပြောင်းစေ့ကိုချွေပြီးနောက် အူတိုင်ကို ထင်းလောင်စာအဖြစ် အသုံးပြုနိုင်သကဲ့သို့ အခြားစွန့်ပစ်စရာမရှိသော သီးနှံဖြစ်သည့်အတွက်လည်း အလွန်ပင်အသုံးဝင်အကျိုးရှိပါသည်။

          ယခုကဲ့သို့ အသုံးဝင်အကျိုးရှိသော အစေ့ထုတ်ပြောင်းကို လွန်ခဲ့သောနှစ်ပေါင်း(၃၀၊၃၅) နှစ်ခန့်မှစ၍ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်ပြည်သို့ အလုံးအရင်းဖြင့်တင်ပို့ရောင်းချခဲ့ရာမှ ယခုဆိုလျှင် ပြည်ပပို့ကုန်၏ဈေးကွက်ဝင်သီးနှံအဖြစ်   ဈေးကွက်ဝယ်လိုအားရှိသည့်သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးမှုနည်းစနစ်များ ပြောင်းလဲတိုးတက်စိုက်ပျိုးလာပြီး အထွက်နှုန်းကောင်းသည့် အဆင့်မြင့်စပ်မျိုးများကိုလည်း အသုံးပြုစိုက်ပျိုးလာကြောင်းသိရှိရပါသည်။

          မိုးရာသီးနှင့် ဆောင်းရာသီတို့တွင် အစေ့ထုတ်ပြောင်းကို စိုက်ပျိုးကြသဖြင့် အစေ့ထုတ်ပြောင်းသည် နှစ်ရာသီစိုက်သီးနှံဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းမိုးသီးနှံကို မေလ(သို့မဟုတ်) ဇွန်လတို့၌စိုက်ပျိုးပြီး၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြကြောင်းသိရှိရပါသည်။ မြင်းခြံခရိုင်အတွင်း လက်ရှိစိုက်ပျိုးနေသော အစေ့ထုတ်ပြောင်းမျိုးများမှာ CP 888၊ CP 989၊ CP 50 နှင့် ရေဆင်းစပ်မျိုးများအဖြစ် PA(339)မျိုးများကိုပါ စိုက်ပျိုးလာကြောင်းသိရှိရပါသည်။ အစေ့ထုတ်ပြောင်းကို ကုန်းစိုက်နှင့် ကျွန်းစိုက်ဟူ၍ ဒေသအလိုက် စိုက်ပျိုးမှုများလည်းရှိပါကြောင်းသိရှိရပါသည်။

          မြင်းခြံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ အစေ့ထုတ်ပြောင်းစိုက်ဧကပေါင်း (၁၉၇၇)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းပြီးစီးမှုမှာလည်း (၁၉၇၇)ဧကဖြစ်၍ စိုက်ဧကအားလုံးကို ရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၇၃.၉၆)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၁၄၆၂၂၂)တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရသိရှိရပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၄၃၇)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၅၄၀)ဧကစိုက်ပျိုးပြီး တောင်သာမြို့နယ်တွင် စိုက်ပျိုးမှုမရှိကြောင်းသိရှိရပါသည်။

          အစေ့ထုတ်ပြောင်းပင်များသည် တစ်လသားအတွင်း ရွက်စားပိုး (သို့မဟုတ်) ခေါင်ညွန့်ထိုးပိုးများ ကျရောက်တတ်ပြီး ပန်းပွင့်ချိန်တွင်မိုးပြတ်ပါက ပျပိုးကျရောက်တတ်ပါသည်။နို့ရည်ခဲစအချိန်တွင် ကြက်တူရွေးများကျရောက်တတ်သဖြင့် ကြက်တူရွေးများကို မော်နီတာဆေးရည်တစ်ဆနှင့် ရေ (၄၅၀) ဆရောစပ်ပြီး တစ်ပတ်ခြားတစ်ကြိမ်နှုန်းဖြင့် (၄)ကြိမ်ခန့်ပက်ဖြန်း၍ ကာကွယ်နိုင်ကြောင်း တောင်သူတစ်ဦးထံမှသိရှိရပါသည်။ အခွံဖတ်ဝါစပြုပြီး ပြောင်းဖူးအညှာတံနှင့် ပြောင်းဖူးဆက်စပ်သည့်နေရာတွင် ရင့်မှည့်လာပါက အစေ့ထုတ်ပြောင်းကို စတင်ရိတ်သိမ်းရသည်။ ရိတ်သိမ်းမှုနောက်ကျလျှင် ကြွေကျပျက်စီးတတ်ပြီး ပြောင်းသီးနှံအနေဖြင့် ရိတ်သိမ်းမှုလွန်ချိန်နောက်ပိုင်းတွင် ပိုးကျရောက်မှုနည်းသော်လည်း ခူးဆွတ်စဉ်၌ ပြောင်းဖူးခွံ၏ အစိုဓါတ်ကျန်ရှိနေမှုအပေါ်မူတည်၍ ခူးဆွတ်ကြခြင်း၊ ခူးဆွတ်နောက်နေလှန်းမှုမရှိခြင်း၊ သိုလှောင်စဉ်သတ်မှတ်အစိုဓါတ်(၁၃-၁၄)ရာခိုင်နှုန်းထက်မြင့်မားခြင်းများကြောင့် တွဲဖက်အဖျက်ပိုးများပါ ကျရောက်လာနိုင်မည်ဖြစ်သောကြောင့် သီးနှံကို ရိတ်သိမ်းခူးဆွတ်ပြီးနောက်ပိုင်းတွင် ကိုင်တွယ်ထိန်းသိမ်းမှုကို အလေးထားဆောင်ရွက်သင့်ကြောင်းသိရှိရပါသည်။

          အစေ့ထုတ်ပြောင်း၏အဓိကအားနည်းချက်မှာ အစိုဓါတ်မြင့်မားသည့်အတွက် အာဖလာတော့ဆင်မှိုဆိပ်ဝင်လွယ်ပါသည်။ ဆောင်းပြောင်းနှင့်မိုးပြောင်းတို့အနက် မိုးပြောင်းသည် အာဖလာတော့ဆင်မှိုပါဝင်မှုနှုန်းပိုများကြောင်းသိရှိရသည့်အတွက် အစိုဓါတ်နှင့်အာဖလာတော့ဆင်မှိုကို ထိန်းသိမ်းနိုင်ရန်လိုအပ်ပါသည်။ထို့ပြင် ပိုးထိုးလွယ်သောကြောင့် အလျော့တွက်လည်းများသဖြင့် ကိုင်တွယ်ရခက်ခဲသည့်သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။ ပိုးသတ်သည့်အခါ၌လည်း ပိုးသတ်ဆေးကြွင်းများမကျန်စေရန် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်းသိရှိရပါသည်။

          အစေ့ထုတ်ပြောင်းသည် စိုက်ပျိုးသင့်သောသီးနှံဖြစ်သော်လည်း အရည်အသွေး၊ မှိုဆိပ်၊ အစိုဓါတ်စိုထိုင်းဆ၊ Pre & Post harvest storage ပိုင်းများတွင်လည်း သတိထားဆောင်ရွက်ရန် လိုကြောင်းသိရှိရပါသည်။ ပြည်တွင်းဈေးကွက်ရှိ ကြက်စာထုတ်လုပ်မှုဖြစ်စဉ်တွင် အစေ့ထုတ်ပြောင်းသုံးစွဲမှုရာနှုန်းများပြားခြင်းနှင့် ပြည်ပဈေးကွက်ခိုင်မာမှုရှိသည့်အတွက် ပြောင်းဈေးနှုန်းမှာ ယခင်နှစ်တွင် တစ်တင်းလျှင်(၁၃၂၃၀) ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်ဈေးနှုန်းမှာ(၂၂၀၅၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည့်အတွက် ယခင်နှစ်ထက် နှစ်ဆနီးပါးဈေးမြင့်တက်ခဲ့သောကြောင့် တောင်သူများအတွက် တွက်ခြေကိုက်သောသီးနှံဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)