မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးအတွက် MSMEs လုပ်ငန်းများကိုလည်း အားပေးကူညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။
၁၅.၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ သွင်းကုန်အစားထိုး သဘာဝဇီဝမြေဩဇာများ ထုတ်လုပ်လျက်ရှိသော “ရွှေဇီဝသဘာဝဇီဝမြေဩဇာ “ ထုတ်လုပ်သည့် စက်ရုံသို့သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သဘာဝဇီဝမြေဩဇာစက်ရုံမှလက်ရှိထုတ်လုပ်နေသော မြေဩဇာများမှာ ဓာတုပစ္စည်းများရောနှောခြင်းလုံးဝမရှိဘဲ ဇီဝပိုးများမွေးမြူကာ၊ သဘာဝမှရရှိသော ကောက်ရိုး၊ နွားချေး၊ ဗေဒါ၊ လွှစာတို့ဖြင့် မြေဆွေးပြုလုပ်ပြီး အဏုဇီဝပိုးများကိုအသုံးပြုလျက် သဘာဝဇီဝမြေဩဇာများကို ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ကုန်ကြမ်းများကိုမော်လမြိုင်၊ မုဒုံ မြို့နယ်များရှိ တောင်သူများထံမှ ဝယ်ယူရရှိကြောင်း၊ လက်ရှိအချိန်တွင် ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် အိတ်ရေ (၂၀၀၀) အိတ်ထုတ်လုပ်ကြောင်း သိရှိရပါသည်။ တစ်အိတ်ထုတ်လုပ်မှုခန့်မှန်းကုန်ကျစရိတ်မှာ (၁၈၀၀၀) ကျပ်ခန့်ရှိပြီး ရောင်းဈေးမှာ တစ်အိတ်လျှင် (၂၀၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် အကျိုးပြုအဏုဇီဝပိုး (Special) ၂၀ လီတာ တစ်ပုံးလျှင် (၃၀၀၀၀) ကျပ်၊ ရွှေဇီဝအထူးထုတ် (၅၀ ကီလိုဂရမ်) (အမှုန့်) တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်၊ အပင်အထူး (၄၀ ကီလိုဂရမ်) (အတောင့်) တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ စွမ်းအားပြည့် (၄၀ ကီလိုဂရမ်) (အမှုန့်) တစ်အိတ်လျှင် (၂၂၀၀၀) ကျပ်၊ အသီးအပွင့်အထူး (၄၀ ကီလိုဂရမ်) (အတောင့်) တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်းသိရှိရပါသည်။ ဖြန့်ဖြူးရောင်းချမှုအနေဖြင့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ မန္တလေး၊ ကချင်ပြည်နယ် တို့သို့တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(မွန်)