မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မကျီးတော၊ မြစ်ကိုင်း၊ ညောင်ပင်သာ၊ ဆင်တဲ၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း၊ တဇီးကောက်စသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဖေဖော်ဝါရီလ(တတိယ)ပတ်တွင် ပဲကြီးနှင့် ကုလားပဲများ စတင်ထွက်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။
သို့ရာတွင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ပဲကြီးမှာ ပိဿာ(၃၀)ဝင် (၁)အိတ်လျှင် ကျပ်(၁၁၇၀၀၀)မှ ကျပ်(၁၂၀၀၀၀)အထိဈေးနှုန်းဖြင့် (၁)နေ့လျှင် အိတ်ရေ (၁၀)အိတ်မှ (၃၀)အိတ်နှင့် ကုလားပဲမှာ ပိဿာ(၃၀)ဝင်(၁)အိတ်လျှင် ကျပ်(၉၂၂၅၀)ဖြစ်ပြီး (၁)နေ့လျှင် အိတ်ရေ (၁၀)မှ (၂၀)အိတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝယ်ယူရရှိပြီးသောကုလားပဲနှင့်ပဲကြီးသီးနှံများကို အောင်လံမြို့၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်မြို့များသို့ တင်ပို့ရောင်းချရပါကြောင်း သရက်မြို့ပေါ်ရှိ ကုန်သည်ဦးမြင့်လွင်ထံမှသိရှိရပါသည်။
DOCA(မကွေး)