ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ (၁၇.၂.၂၀၂၃) ရက်နေ့ (၀၉၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ငါးလုပ်ငန်းရှင် (၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉ ) အကြောင်းအားရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်(၈)ချက်အကြောင်း၊စားသုံးသူအခွင့်အရေး (၈)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့်အချက်များ အကြောင်းကို လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းရှင်အသင်းအတွင်းရေးမှူးမှပြောကြားရာ အသင်းတည်ထောင်မှုကာလကြာရှည်မှုကြောင့် အတွေ့အကြုံရင်ကျက်သော အသင်းတစ်ခုဖြစ်သဖြင့် ငါးကန်များအကောင်အထည်ဖော်မှု၊ ငါးဒိုင်များအတွက်ဈေးကွက်ရရှိမှုနှင့်အသင်းရေရှည်တည်တံခိုင်မြဲရေးအတွက် လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်မှု၏ အခက်အခဲတစ်ချို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ မြို့နယ်တာဝန်ခံဦးအောင်လွင်မှ ပြန်လည်ဆွေးနွေးရာ ငါးလုပ်ငန်းရှင်များဈေးကွက်ရရှိမှု၊ ငါးအရည်အသွေးတိုးတက်ကောင်းမွန်မှု၊ မြစ်ချောင်းများမှ ငါးများရှာဖွေရရှိမှုနည်းပါးလာမှုနှင့်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုများကို လိုက်နာဆောင်ရွက်ရန်၊ မိမိတို့ဌာနအနေဖြင့် ငါးလုပ်ငန်းရှင်များအသင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်သက်ဆိုင်ရာဌာန၊ ကုမ္ပဏီများ၊ စီးပွားဘဏ်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် နည်းလမ်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့မှုအားသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)