ကြို့ပင်ကောက်မြို့ ငွေဒါးရကျေးရွာတွင် စီးပွားဖြစ်စံပယ်ပန်းများ စိုက်ပျိုး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သပြေရုံအုပ်စု၊ ငွေဒါးရကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၅၀)ကျော်ခန့်ရှိပါသည်။ အိမ်ခြေ ၃ ပုံ ၂ ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တစ်ချို့က ခြံသီးသန့်စိုက်ပျိုးကြပြီး တစ်ချို့က အိမ်ခြံဝန်းအလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

       ဒေသခံတောင်သူတစ်ဦးမှာ ၁၂ ရာသီပွင့်သော ရန်ကုန်စံပယ်ပန်းမျိုးကို ဧက၏တစ်ဝက်(၂)ကျိုးစိုက်ပျိုးထားကြောင်း၊ မှော်ဘီမြို့မှ ထိုစံပယ်ပန်းမျိုးပင်ကိုင်းတက်များကိုဝယ်ယူ၍ စိုက်ပျိုးထားကြောင်းနှင့် လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်ပင်လျှင် ၂၅ ကျပ် ၊ ၃၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်တွင် ကိုင်းတက်တစ်ပင်လျှင် (၁၀၀၀ မှ ၁၅၀၀) ကျပ်တို့ဖြင့် ဝယ်ယူရကြောင်းသိရှိရပါသည်။

      စံပယ်ပန်းပင်ကိုစိုက်ပျိုးရာတွင် မြောင်းဖော်၍ တစ်မြောင်းလျှင် အပင် ၂၀၀ နှုန်းဖြင့် မြောင်း ၁၃ မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ယခင်က ရေထမ်းလောင်း၍စိုက်ပျိုးပြီး ရေတစ်ခါလောင်းလျှင် ရေထမ်းပေါင်း (၂၀၀) ထမ်းလောင်းရကြောင်းနှင့် ယခုအခါ စက်ဖြင့်အလွယ်တကူမောင်းတင်ရသဖြင့် ရေထမ်းဖိုးငွေကုန်ကျစရိတ်သက်သာသွားကြောင်းသိရှိရပါသည်။

       မြေသြဇာအနေဖြင့် (အာမို) ဓာတ်ဆားကို ၁၅ ရက်တစ်ပတ်လျှင် ၅ ပိဿာထည့်သွင်းရကြောင်း၊ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ၊ ပန်းပွင့်အားဆေးကို ၁၅ ရက်တစ်ပတ်လျှင် အထပ် ၂၀ ပွင့်ဆေးတစ်ဘူးလျှင် ၆၀၀၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲရကြောင်းနှင့် စံပယ်ပန်းသည် ရာသီမရွေးပွင့်၍ နွေရာသီနှင့်မိုးရာသီတို့တွင် အပွင့်ရေအများဆုံးပွင့်ပြီး ဆောင်းရာသီတွင် အပွင့်ရေနည်းပါးစွာပွင့်ကြောင်းသိရှိရပါသည်။

       တစ်နေ့လျှင် ပန်းပွင့်အရေအတွက် (၂၀၀၀၀)ပွင့်ကို အပ်ချည်ဖြင့် သီကုံးရာတွင်လည်း အလုပ်သမား(၄)ယောက်ဖြင့် အပ်ချည်လုံးတစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့် သီခနှင့်ခူးဆွတ်ခများပေးရကာ နာရီပိုင်းအတွင်း ပြီးဆုံးကြောင်း၊ သီကုံးခူးဆွတ်ခအနေဖြင့် အလုပ်သမားများအား ၁၀၀၀၀ ကျပ်ပေးချေရကြောင်းနှင့် တစ်နေ့လျှင် ဝင်ငွေအားဖြင့် ၃၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိရရှိကာ တရားပွဲ၊ အလှူပွဲ၊ မင်္ဂလာဆောင်များရှိလျှင် ပို၍အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။

         ဈေးကွက်အနေဖြင့် လက်ပံတန်းမြို့သို့ နံနက်ပိုင်းဆိုင်ကယ်ဖြင့်သွား‌ရောက်၍ ဖောက်သည်သွင်း၍ပေးရကြောင်း၊ ဖောက်သည်ကို ပန်း ၁၀ ပွင့်ပါ အကုံးရေ ၁၀၀ လျှင် (၁၅၀၀)ကျပ်ဖြင့်သွင်း၍ တစ်နေ့လျှင် အကုံးရေ  ၂၀၀၀ ကုံးခန့် ရောင်းချရကြောင်း၊ စံပယ်ပန်းစိုက်ပျိုးခြင်းဖြင့် နေ့စဉ် စားဝတ်နေရေးအဆင်ပြေနိုင်ပါကြောင်းနှင့် စီးပွားဖြစ်ပန်းအနေဖြင့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ပါကြောင်း ဒေသခံစံပယ်စိုက်တောင်သူတစ်ဦး၏ အတွေ့အကြုံနှင့်အခြေအနေများကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)