တောင်ငူခရိုင်မှ နေကြာစိုက်ပျိုးထုတ်လုပ်မှုကိုလေ့လာခြင်း

Powered by Drupal

  တောင်ငူခရိုင်အနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးခြင်းကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။  နေကြာသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း ကောင်းခြင်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် အထောက်အကူပြုနိုင်သည့် ဆီထွက်သီးနှံဖြစ်ပါသည်။

     စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိသောစာရင်းများအရ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် နေကြာသီးသန့်(၁၄၆၇)ဧကနှင့် သီးညှပ်(၃၀၈)ဧက၊ တောင်ငူမြို့နယ်တွင် နေကြာသီးသန့်(၄၁၈)ဧကနှင့် သီးညှပ်(၃၃၂၀)ဧက၊  ထန်းတပင်မြို့နယ်တွင် နေကြာသီးသန့်(၁၁၀)ဧကနှင့် သီးညှပ်(၃၄၀၄)ဧက၊ အုတ်တွင်းမြို့နယ်တွင် နေကြာသီးသန့်(၃၀၂၀)ဧကနှင့် သီးညှပ်(၂၄၅)ဧက၊ ဖြူးမြို့နယ်တွင် နေကြာသီးသန့်(၄၀၈)ဧကနှင့် သီးညှပ်(၇၇၁၃)ဧကစိုက်ပျိုးထားကြောင်း၊ တောင်ငူခရိုင်အတွင်း၌ နေကြာသီးသန့်(၅၄၂၃)ဧကနှင့် သီးညှပ်ဧက (၁၄၉၉၀) ဧက၊ စုစုပေါင်းနေကြာ (၂၀၄၁၃) ဧကစိုက်ပျိုးထားကြောင်းနှင့် ဇန်နဝါရီလကုန်ပိုင်းမှစ၍ နေကြာများကို စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရပါသည်။

       စိုက်ပျိုးရေးဦးစီးဌာနက နေကြာမျိုးကောင်းမျိုးသန့်ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုဓာတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားများကို ားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများ ပိုမိုများပြားလာကြပါသည်။

       နေကြာကို သီးသန့်နှင့် သီးညှပ်ဟူ၍စိုက်ပျိုးကြပါသည်။ သီးသန့်စိုက်ပျိုးရာတွင် မြေပြုပြင်ရာ၌ မြေတစ်ဧကလျှင် အနည်းဆုံး လက်တွန်းထွန်စက်ထွေလာနှစ်စီးခန့်ရှိသည့် သဘာဝမြေဩဇာအဖြစ် နွားချေး၊ ယူရီးယား ၁၅ ပိဿာ၊ တီစူပါ ၁၅ ပိဿာနှင့် ပိုတတ်ရှ် ၁၅ ပိဿာ အသီးသီးထည့်သွင်းကာ မြေပြုပြင်ပေးရပါသည်။ အဖူးဝင်ချိန်တွင်လည်း ယူရီးယား ၁၅ ပိဿာခန့်ထည့်ပေးရသည့်အပြင် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးတို့ကို တစ်ပုလင်းခန့်အသုံးပြုရပါသည်။

       သီးညှပ်စိုက်ပျိုးခြင်းတွင် ပဲတီစိမ်း၊  မတ်ပဲစိုက်ခင်းများတွင် နေကြာကို ညှပ်၍စိုက်ပျိုးခြင်းဖြစ်သည့်အတွက် မြေအထူးပြုပြင်ရန်နှင့် ဓာတ်မြေဩဇာအထူးသုံးစွဲရန်မလိုအပ်တော့၍  နေကြာအား သီးညှပ်စိုက်ပျိုးခြင်းသည် သီးသန့်စိုက်ပျိုးခြင်းထက် တစ်ဧကကုန်ကျစရိတ်၏ လေးပုံသုံးပုံခန့်သက်သာကြောင်းတွေ့ရှိရပါသည်။

      နေကြာစိုက်ပျိုးရာတွင် အပင်ငယ်စဉ်၌ပင် ဖြုတ်ပိုး၊ ရွက်စားပိုး၊ ရွက်ဖောက်ကျိုင်းများကျရောက်တတ်သဖြင့် အချိန်မီကာကွယ်ရန်နှင့် အစေ့အဆန်ဖြစ်တည်ချိန်တွင် သီးလုံးဖောက်ပိုးနှင့် ရွက်စုံစားခူဝါများကျရောက်တတ်ခြင်းတို့ကြောင့် ပိုးမွှားအန္တရာယ်အတွက် အထူးသတိပြုရမည်လည်းဖြစ်ပါသည်။

      နေကြာပွင့်နောက်ကျောဘက် အဝါရောင်သမ်းလာချိန် သို့မဟုတ် ရက် ၁၀၀ တွင် ပန်းပွင့်များ၏ပုံသဏ္ဌာန်သည် ညိုဝါရောင်သို့ပြောင်းလာချိန်တွင် အစေ့များအောင်မြင်ပြီဖြစ်၍ စတင်ရိတ်သိမ်းရန်နှင့် ပန်းပွင့်အုံ၏အောက် လေးလက်မခန့်ခွာပြီး ခုတ်သိမ်းပေးရန်ဖြစ်ပါသည်။ ရိတ်သိမ်းပြီးသော နေကြာပွင့်အား တစ်ပွင့်နှင့်တစ်ပွင့်မထပ်စေဘဲ နှစ်ရက်သုံးရက်ခန့် နေလှန်းထားပြီး အစေ့ခြွေရပါသည်။ အစေ့တွင်း အစိုဓာတ် (၅-၆) ရာခိုင်နှုန်းရရှိရန် နှစ်ရက်သုံးရက်ခန့်နေလှန်း၍ လေလုံအောင် သိုလှောင်ရမည်ဖြစ်ပါသည်။

      ထွက်ရှိမှုအား လေ့လာရာတွင် နေကြာသီးသန့်စိုက်ဧက တစ်ဧကပျှမ်းမျှလျှင် ၁၆.၁၂ တင်းနှုန်းနှင့် သီးညှပ်စိုက်ဧက တစ်ဧကပျှမ်းမျှလျှင် ၆.၄၉ တင်းနှုန်းထွက်ရှိ၍ တောင်ငူခရိုင်အတွင်း နေကြာတင်းပေါင်း ၁၈၄၇၀၀ တင်းခန့်ထွက်ရှိပါသည်။ မျိုး၊ အလေအလွင့်နှင့် တောင်သူပြန်သုံးမည့်နေကြာကို ချန်လှပ်လျှင် တင်းပေါင်း ၁၇၆၀၀၀ တင်းခန့်ကို နေကြာဆီအဖြစ်ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

        နေကြာတစ်တင်းကြိတ်ခွဲလျှင် ဆီ ၃ ပိဿာခန့်ထွက်ကြောင်းသိရှိရသဖြင့် ဆီပိဿာ ၅၂၈၀၀၀ ပိဿာရရှိပါသည်။ လူတစ်ဦးအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီလိုအပ် ချက်မှာ တစ်နှစ်လျှင် ၆ ပိဿာ ၅၀ ကျပ်သားဖြစ်၍ ဆီပိဿာ ၅၂၈၀၀၀ ပိဿာသည် လူဦးရေ ၈၁၂၀၀ ဦးတို့အတွက် လုံလောက်သည့်ပမာဏဖြစ်ပါသည်။ တောင်ငူခရိုင်အတွင်းရှိ လူဦးရေမှာ ၁၀၅၀၀၀၀ ဦးခန့်ရှိပါသဖြင့် ဆီပိဿာ ၅၂၈၀၀၀ ပိဿာသည် ခရိုင်လူဦးရေ၏ ၇.၇ ရာခိုင်နှုန်းအတွက်သာ ဖူလုံပါသည်။

        ဈေးနှုန်းရရှိမှုအနေဖြင့် တောင်ငူခရိုင်ရှိ ဆီစက် ၂၅ စက်နှင့် ပွဲရုံ ၆ ရုံတို့သည် စိုက်ပျိုးထွက်ရှိမည့်နေကြာစေ့များကို တစ်တင်းလျှင် ၃၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊နေကြာတစ်တင်းကြိတ်လျှင် ဆီ ၃ ပိဿာအပြင် နေကြာကြိတ်ဖတ် ၄ ပိဿာခန့်ထွက်ရှိပါကြောင်း၊ ဆီစက်များမှ တောင်သူလယ်သမားများ ကြိတ်ခွဲပြီးရောင်းချသည့် နေကြာဆီများကို တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ နေကြာကြိတ်ဖတ်တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဝယ်ယူပေးပါကြောင်း၊ ဆီကြိတ်ခနှုန်းထားမှာ နေကြာတစ်တင်းလျှင် ၂၅၀၀ ကျပ်နှင့် ဈေးကွက်အတွင်း၌ နေကြာဆီလက်ကားတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ လက်လီ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ရှိပါကြောင်းသိရှိရပါသည်။

      စားသုံးမှုအား လေ့လာရာတွင် ဒေသထွက်နေကြာဆီကို မြေပဲဆီ၊ နှမ်းဆီထက် စားသုံးမှုနည်းပါးကြောင်း၊ စားသုံးမှုနည်းပါးရခြင်းမှာလည်း ဒေသထွက်နေကြာဆီသည် မြေပဲဆီ၊ နှမ်းဆီများထက် အနံ့ပြင်းခြင်းကြောင့်ဖြစ်ကြောင်း၊ စားသောက်ဆိုင်၊ အကြော်ဆိုင်များအနေဖြင့်လည်း နေကြာဆီထက် အကြော်ခံပြီး ဈေးနှုန်းသက်သာသည့် စားအုန်းဆီကိုသာ အသုံးပြုကြကြောင်းနှင့် ဟင်းချက်ရာတွင်လည်း ဆီအနံ့ပြင်းသဖြင့် အမွှေးနံ့သာများပိုမိုသုံးစွဲရ၍ စားသုံးသူများအနေဖြင့်လည်း ကြိုက်နှစ်သက်မှုနည်းပါးကြောင်းသိရှိရပါသည်။

       ထုတ်လုပ်မှုကို လေ့လာရာတွင် နေကြာဆီသည် ဟင်းသီးဟင်းရွက်ဆီတွင်ပါဝင်ပြီး ဟင်းသီးဟင်းရွက်ဆီအားလုံး၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း၊ နေကြာဆီသည် ချက်ပြုတ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရပြီး အရေးကြီးသော အပင်ထုတ်ကုန်ဖြစ်ကြောင်းနှင့် နေကြာစေ့မှတစ်ဆင့် မွှေးသောရနံ့နှင့် တိကျသောအရသာရှိသည့် ာဆီအမျိုးအစားကိုရရှိရန် အဆင့်များစွာကို ကျော်ဖြတ်ရကြောင်းသိရှိရပါသည်။

       ဒေသတွင်းရှိ ဆီစက်များအနေဖြင့် ဆီနေကြာကို တိုက်ရိုက်ကြိတ်ခွဲသည့်အဆင့်သာရှိပြီး ဈေးနှုန်းမှာ အခြားဆီများထက်ကွာဟမှုမရှိခြင်း၊ သန့်စင်ပြီးရောင်းချပါကလည်း ပြည်ပမှဝင်လာသည့် ဆီများထက်ဈေးနှုန်းများခြင်း၊ ပြည်ပမှဝင်ရောက်လာသော နေကြာဆီများမှာ အနံ့အသက်မရှိခြင်းတို့ကြောင့် အရောင်ချွတ်သည့်အဆင့်အထိ သန့်စင်ထား၍ ပြည်ပမှ တင်သွင်းလာသည့်ဆီများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုအားနည်းကြောင်းကိုမူ တွေ့ရှိရပါသည်။

       စားသုံးဆီများတွင် အခြေခံအားဖြင့် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ၊ တတ်နိုင်သမျှလျော့၍ စားသုံးသင့်သည့်ပြည့်ဝဆီများနှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဟူ၍ (၃)မျိုးရှိရာ နေကြာဆီသည် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများတွင် ပါဝင်ပေသည်။ နေကြာစေ့သည် နေပူထဲတွင်နေရသော နေကြာပန်းပွင့်၏အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ခြေမရှိ၍ နေကြာဆီသည် အာဖလာတောက်ဆင်မှိုဆိပ်အတွက် စိုးရိမ်ရန်မလိုအပ်ပါ။

      သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် သင့်လျော်ပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုသည့် နေကြာဆီထုတ်လုပ်နိုင်ရန်အတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့်  စားသုံးသူပြည်သူများ ကြိုက်နှစ်သက်စွာစားသုံးနိုင်မည့် အနံ့အရသာကောင်းမွန်သောနေကြာဆီထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပညာရှင်များ၊ ကျွမ်းကျင်သူများအနေဖြင့် စိုက်ပျိုးသူ တောင်သူလယ်သမားကြီးများ၊ ကြိတ်ခွဲထုတ်လုပ်သူ ဆီစက်လုပ်ငန်းရှင်များအား လိုအပ်သောအသိပညာ၊ နည်းပညာများပေး၍ စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တောင်သူလယ်သမားကြီးများအနေဖြင့် နေကြာကို ယခုထက် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်နှင့် ဆီစက်လုပ်ငန်းရှင်များကလည်း ဆီစက်များကို ခေတ်နှင့်အညီအဆင့်မြှင့်တင်၍ ပြုပြင် မွမ်းမံတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နေကြာဆီထုတ်လုပ်မှုသည် ဈေးကွက်အတွင်း၌ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံမှုကို ယခုထက်ပိုမိုအထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ပဲခူး)