မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းသိသိသာသာကျဆင်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်းနှင့် ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

  ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး လေးလခန့်အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရှိရပါသည်။

  မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ စတုတ္ထအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၁၀၀၀) ဈေးရရှိပြီး ယခု ဖေဖော်ဝါရီ စတုတ္ထအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀)ဖြင့်သာ ရောင်းချရမှုမှာ ဆောင်းအကုန်နွေအကူးတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားခြင်းကြောင့် ဈေးနှုန်း သိသိသာသာကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)