စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ဖေဖော်ဝါရီလစတုတ္ထပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် ကုလားပဲများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ကုလားပဲ(ဆောင်း) (၆၄၃၀၄) ဧကစိုက်ပျိုးပြီး ရွှေဘိုမြို့နယ်တွင်(၄၉၆၉)ဧက၊ ဝက်လက်မြို့နယ်တွင်(၅၆၈၈၈)ဧကနှင့်ခင်ဦးမြို့နယ်တွင် (၂၄၄၇)ဧကစိုက်ပျိုးကြောင်း၊ ဝက်လက်မြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး တစ်ခရိုင်လုံးစိုက်ဧက၏(၈၈)%ကျော် စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် စိုက်ပျိုးထားသည့်ကုလားပဲများမှာ စတင်ရိတ်သိမ်းလျက်ရှိပြီး (၁၀.၂.၂၀၂၃)ရက်နေ့အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၆၀၉၀၇)ဧကဖြစ်၍ တစ်ဧက အထွက်နှုန်းမှာ (၂၄)တင်းကျော်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာကြောင်း၊ ရွှေဘိုဈေးကွက်သို့ ဝက်လက်မြို့နယ်အတွင်းရှိ ကျောက်တိုင်ကျေးရွာနှင့်မင်းကျီကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၃၀၀ဝိ/-)ကျပ် ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၈)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ ယခင်အပတ်နှင့်ယခုအပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ယခုအချိန်တွင် ကုန်သည်အများစုအနေဖြင့် ဝယ်ယူရရှိသည့်ကုလားပဲများကို ဝယ်ယူသည့်ဈေးနှုန်းနှင့်တွက်ခြေကိုက်ပါက အခြားဒေသများသို့ ပြန်လည်ရောင်းချကြသည့်အပြင် သိုလှောင်ထားသည်များလည်းရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)