ကြက်ဟင်းခါးသီးအရသာသည် ခါးသည့်အရသာရှိပြီး ကျန်းမာရေးအတွက် များစွာအသုံးဝင်ကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးပင်သည် ခါးသက်သော အသီးများ သီးသည့်အပင်မျိုးဖြစ်သည်။ ကြက်ဟင်းခါးပင်၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား ဖြစ်ပြီး အခါးအရသာရှိသောအသီးများထဲတွင် အခါးဆုံးဖြစ်သည့် နွယ်ပင်တစ်မျိုး ဖြစ်သည်။ ကြက်ဟင်းခါးပင်သည် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်ပါသည်။ ကြက်ဟင်းခါးသီးကို သေချာမျိုးခွဲထားခြင်းမရှိပါ ။ အသီး၏အရွယ်ကိုလိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟူ၍သာ ခေါ်ဆိုကြပါသည်။ အလုံးမျိုးများမှာ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး အခါးလေးသော အရသာရှိသောကြောင့် အချို့သောတောင်သူများ အထူးကြိုက်နှစ်သက်ကြသည်။ အသီးအရောင်မှာ အဖြူရောင်၊ အစိမ်းရောင်ရှိပါသည်။
ကြက်ဟင်းခါးသီးကို ပြုတ်တို့ကြော်လှော်ချက်ပြုတ်ခြင်းအစရှိသဖြင့် နှစ်သက်သလို စားသုံးနိုင်ပါသည်။ ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်ပါသည်။ သို့ရာတွင် အစေ့အညှာတိုင်နှင့် အစေ့တို့ဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။ ကြက်ဟင်းခါးသီး၏ အခါး ဓာတ်ကို လျော့ချလိုပါက ဆားရေစိမ်ပြီးမှ ချက်ပြုတ်သင့်ပါသည်။ ကြက်ဟင်းခါးသီးကို စားသုံးခြင်းဖြင့်လည်း သွေးတိုး၊ ဆီးချိုရောဂါများ၏ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို လျော့ချပေးခြင်း ကင်ဆာရောဂါများနှင့် အခြားသောပြင်ပရောဂါများ ကူးစက်မှုမှ ကာကွယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါသည်။
ပြည်ဈေးကွက်တွင် ကြက်ဟင်းခါးသီးတစ်လုံးကို (၁၅၀-၂၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ငွေကုန်ကြေးကျသက်သာစေပြီး လူကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသည့် ကြက်ဟင်းခါးသီးကို တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း တွင်တွင်ကျယ်ကျယ် သုံးစွဲ လာကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)