ယာကွန်ဥသည် သဘာဝကပေးသော အလွန်အစွမ်းထက်၍ ဆေးဖက်ဝင်သော Super Food ဖြစ်ပါသည်။ အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာချိုသောအရသာရှိသည့်အတွက် မြေအောက်ပန်းသီးဟု တင့်စားခေါ်ဝေါ်ကြပါသည်။ ယာကွန်ဥတွင် ပါဝင်သောအချိုဓာတ်သည် သွေးချို၊ ဆီးချို ဝေဒနာ ရှင်များအတွက် အန္တရာယ်မရှိသောကြောင့် ဆီးချိုဝေဒနာရှင်များစားလို့ရသည့် အစားအစာဖြစ်ပါသည်။
ယာကွန်သီးနှံကို မြန်မာနိုင်ငံတွင် ယာကွန်၊ ရေကန်စွန်း၊ ဂျပန်အာလူးစသဖြင့် အမျိုးမျိုးခေါ်ကြောင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်၊ ရွာငံနှင့် ပင်လောင်း၊ ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့များအပြင် တစ်ချို့ကုန်းမြင့်ဒေသများတွင်လည်း စတင်စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ယာကွန်ဥကို စတင်စိုက်ပျိုးပြီး (၆)လအကြာတွင် ခူးဆွတ်နိုင်ပြီး၊ ခူးဆွတ်ခြင်း မပြုဘဲ မြေကြီးထဲတွင် (၃)နှစ်အထိထားရှိနိုင်ကြောင်း ယာကွန်သီးနှံသည် နေကြာရိုင်းပင်နှင့် သဏ္ဍာန်တူပြီး အမြင့်ပေမှာ (၄)ပေမှ (၅)ပေအထိမြင့်ကြောင်း သိရှိရပါသည်။ ကော်ဖီစိုက်ခင်းများ အတွင်းတွင်လည်း ကြားညှပ်၍စိုက်ပျိုးနိုင်ပါသည်။ ယာကွန်ဥ တစ်ဧကလျှင် အပင်ပေါင်း(၅)ထောင်ကျော်ခန့် ဝင်ဆံ့ပြီး အထွက်နှုန်းမှာ ပိဿာချိန် (၉)ထောင်ခန့်ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ယာကွန်ဥကို မျိုးအဖြစ်လည်း အသန့်ထား၍ ရောင်းချနိုင်သလို စားသုံးရန်အတွက်လည်း ရောင်းချကြောင်း သိရှိရပါသည်။
ယာကွန်ဥကို အသင့်စားသုံးနိုင်သလို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အခြောက်ခံ၍ လည်းကောင်း၊ အနှစ်အရည်ပြုလုပ်၍ ဓာတ်စာအဖြစ် စားသုံးနိုင်ကြောင်း သိရပါသည်။ အထူးသဖြင့် ယာကွန်အရွက်ကို လက်ဖက်ခြောက်ပြုလုပ်၍ သောက်သုံးပါက ဆီးချိုရောဂါကို အထူးသက်သာ စေနိုင်ပါသည်။ ယာကွန်ဥသည် ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပါသည်။
ပြည်မြို့တွင် ယာကွန်ဥကို ရှမ်းပြည်နှင့် မိုးကုတ်မြို့ဘက်မှ ဝင်ရောက်လာပြီး တစ်ပိဿာ (၂၈၀၀)ကျပ်ဖြင့် Online မှာ အရောင်းအဝယ်ပြုလုပ်ကြသလို အချို့ဈေးများတွင် ရောင်းချကြောင်း သိရှိရပါသည်။ လူတော်တော် များများမစားဘူးပေမယ့် စားဖူးသူများကတော့ ကြိုက်နှစ်သက်ကြ၍ လိုင်းပေါ်တွင် ရောင်းချသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည် ။
DOCA(ပဲခူး)