ကြက်သွန်ဖြူကို ကမ္ဘာတစ်ဝှမ်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလျှက်ရှိပါသည်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ အာဖဂန်နစ်စတန် နိုင်ငံတို့မှဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးဖြစ် ထွန်းလျှက်ရှိပါသည်။ ကြက်သွန်ဖြူသည် မီးဖိုချောင်သုံးသီးနှံအဖြစ်သာမက မြန်မာတိုင်းရင်း ဆေးများဖော်စပ်ရာ၌လည်း အလွန်အသုံးဝင်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်သွန်ဖြူ၏ အနံ့နှင့် အရသာမှာ စူးရှသော်လည်း ဆေးဖက်ဝင်အာဟာရတန်ဖိုးများစွာပါဝင်ပါသည်။ ဗီတာမင်B6၊ မန်းဂနိစ်၊ ဆယ်လီနီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နှင့် စသည့်ဓာတ်များစွာပါဝင်ပြီး ဂုဏ်သတ္တိလည်းများစွာပါဝင်ပါသည်။
ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ခန္ဓာကိုယ်မှ အဆိပ်များ ဖယ်ရှားပေးခြင်း၊ အအေးမိသောအခါ ကြက်သွန်ဖြူကိုစားသုံးပါက တုတ်ကွေး ရောဂါဖြစ်စေမှုကို လျော့ကျစေခြင်း၊ ချောင်းဆိုးသက်သာစေခြင်း၊ ယားယံခြင်းနှင့် ရောင်းရမ်းခြင်းများကို သက်သာ စေခြင်းစသည့် အခြားရောဂါအချို့ကိုလည်း ကာကွယ်နိုင်ပါသည်။ ကြက်သွန်ဖြူကို အသင့်အတင့် စားသုံးစေခြင်းဖြင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိသော်လည်း အလွန်အကျွံ စားသုံးလျှင် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဝမ်းဗိုက်နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်းနှင့် ဝမ်းလျောခြင်းများ ဖြစ်စေနိုင်ပါသည်။
ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးသော ရှမ်းပြည်နယ်မှ အခြားလိုအပ်သော တိုင်းနှင့်ပြည်နယ် များသို့ တင်ပို့လျှက်ရှိရာ ပြည်ဈေးကွက်သို့လည်း အဝင်များရှိခဲ့ပါသည်။ ယခင်ရက်များက ထွက်ရှိရာ ဒေသများမှ လက်ကျန်နည်းနေသည့်အတွက် ပြည်ဈေးကွက်သို့ အဝင်မရှိသလောက် ဖြစ်ခဲ့ရာ ယခုတစ်ပတ်တွင် ရှမ်းကြက်သွန်များ စတင်နှုတ်သိမ်းနေပြီဖြစ်၍ ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူ (အသစ်)များ တစ်ရက်ခြားလျှင် အိတ်(၃၀/၄၀) အကြားအဝင်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ်(၅၅၀၀-၆၀၀၀)ဈေးရှိပြီး လက်လီတစ်ပိဿာလျှင် ကျပ်(၆၀၀၀-၇၀၀၀)ဈေးရှိပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ) အသစ်များမှာ အစိုဓာတ်ရှိနေသေးခြင်း၊ ကြူကုတ်ဈေးဖြင့် ယှဉ်လျှင် ဈေးမြင့်နေခြင်းများကြောင့် ရှမ်းစမှာ အရောင်းပါးလျှက်ရှိပါသည်။ မန္တလေးမှတစ်ဆင့်ဝင်ရောက်လျက်ရှိသောကြူကုတ်မှာ လက်ကားပွဲရုံဈေး (၁)ပိဿာလျှင် ကျပ် (၃၈၀၀-၃၉၀၀) လက်လီတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြင့် အရောင်းအဝယ်ရှိပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)များ မန္တလေးမှတစ်ဆင့် ပြည်ဈေးကွက်သို့ တစ်ရက်လျှင် အိတ် (၁၀၀)မှ (၁၅၀)အတွင်း အဝင်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)