မြန်မာနိုင်ငံရာသီဥတုမှာ ခရမ်းပင်များနှင့်သင့်လျော်သော ရာသီဥတုရှိသဖြင့် နေရာဒေသအနှံအပြားစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းမျိုးများစွာရှိပြီးဈေးကွက်ထဲတွင် ခရမ်းရှည်သီး၊ ခရမ်းပုသီး (အဖြူရောင်/ခရမ်းရောင်) ၊ ခရမ်းကြွပ်သီး(အဖြူရောင်/ခရမ်းရောင်)၊ ခရမ်းကစော့သီးစတဲ့ခရမ်းမျိုးများရောင်းချကြပါသည်။ ခရမ်းရှည်သီးကို အသားနှင့်ရော၍ဟင်းချက်စားခြင်း၊ ပုဇွန်ခြောက်နှင့်ရော၍ ခရမ်းသီးနှပ်ပြုလုပ်စားသုံးခြင်း၊ သီးစုံပဲကုလားဟင်းထဲတွင်ထည့်သွင်းချက်ပြုတ်ခြင်း၊ မယ်ဇလီဟင်းချိုထဲမှာဆိုလျှင်လည်းခရမ်းသီးဟာ မဖြစ်မနေထည့်သွင်းချက်ပြုတ်ရတဲ့ အသီးဖြစ်ပါသည်။ ခရမ်းပုသီး (အဖြူ/ခရမ်းရောင်)များကို မီးအုန်း၊ မီးဖုတ်စားသုံးခြင်းနှင့်မီးဖုတ်ပြီးမှ ကြက်ဥနှင့်ပြန်ကြော်စားခြင်း၊ ခရမ်းကြွပ်သီးနှင့်ခရမ်းကစော့သီးများကိုတို့စရာအဖြစ် စားသုံးခြင်းများပြုလုပ်ကြပါသည်.
ခရမ်းရှည်အပုအသီးများတွင် ဗီတာမင်၊ အာဟာရဓာတ်၊ အမျှင်ဓာတ်တို့ အပြည့်အဝပါဝင်ကာ နှလုံး၊ ဦးနှောက်၊ အရေပြားနဲ့အရိုးကိုအကျိုးပြုစေနိုင်ပြီး ဆီးချိုအမျိုးအစား(၂) ရောဂါကို ထိန်းနိုင်တဲ့အစွမ်းရှိပါသည်။ ခရမ်းသီးတွင် အဆီဓာတ်မပါသည့်အတွက် အဆီကျအသားကျစ်လစ်ဖို့အတွက်လည်း အသုံးဝင်ကြောင်းသိရှိရပါသည်။ အချို့လေရောဂါအခံရှိသူများ စားသုံးပါက လေပွ၊ လေထိုး၊ လေအောင့်ဖြစ်တတ်ပြီး၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါသည်။ ခရမ်းကြွပ်သီး (အဖြူ/ခရမ်းရောင်)ဆိုလျှင်လည်း အတို့အမြုပ်အဖြစ် စားကောင်းတိုင်းစားမည်ဆိုလျှင် အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါသည်။
ခရမ်းကစော့သီးလေးတွေက တို့စားရာမှာ (ဖောက်ဖောက်)နှင့်စားလို့ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါသည်။ ကင်ဆာဆဲများမပွားစေဖို့ အကောင်းဆုံးဟန့်တားပေးနိုင်သလို နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး အရောင်ကျစေနိုင်တဲ့အာနိသင်လည်းရှိပါသည်။ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာအနာလေးတွေဖြစ်တာ၊ အရေပြားမှာဖြစ်တဲ့ အနာတွေသက်သာစေဖို့နဲ့ ရေယုန်ပေါက်တာသက်သာအောင်၊ ဘက်တီးရီးယားပိုးတွေ အန္တရာယ်ကနေကာကွယ်ဖို့စားသုံးပေးလို့ရပါသည်။ ခရမ်းကစော့သီးတွင်ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးပြီး ခရမ်းကစော့သီးပြုတ်ရည်ကိုသောက်ပေးခြင်းအားဖြင့် အဖျားကျစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။
ပြည်ဈေးကွက်တွင် ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ခရမ်းရှည်သီး (အချော)တစ်လုံး လျှင် (၁၅၀-၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀)ကျပ်ရှိပြီး အချို့ရောင်းချသူများက အလေးချိန်နှင့်ရောင်းချကြကာ တစ်ပိဿာလျှင် (၆၀၀)ကျပ်နှင့် ရောင်းချကြပါသည်။ ခရမ်းပုသီး (အဖြူ/ ခရမ်းရောင်) တစ်လုံးလျှင်(၃၀၀-၅၀၀)ကျပ် ရှိပြီး ခရမ်းကြွပ်သီး(အဖြူ/ခရမ်းရောင်) (၅)လုံးလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချကြကာ ခရမ်းကစော့သီး (၃)တွဲပါ တစ်ထုပ်လျှင် (၁၀၀)ကျပ်ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြပါကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)