ဆိတ်မွေးမြူရာတွင် ဆိတ်အမျိုးအစားအလိုက်၊ နေရာဒေသအလိုက် ဆိတ်များကို စီးပွားဖြစ် ဝင်ငွေတိုးရန်အတွက် မွေးမြူကြပါသည်။ ဆိတ်များကိုမွေးမြူရာတွင် ဆိတ်ခြံများကို ကုန်းမြင့်သော ဆိတ်ခြံများတွင်လည်းကောင်း၊ ဆိတ်များကိုလွှတ်ကျောင်း၍လည်းကောင်း မွေးမြူကြပါသည်။ အစာအဖြစ် ကျွေးမွေးရာတွင်လည်း ကုန်ကျစရိတ်မှာ အခြားတိရိစ္ဆာန်များကဲသို့ ကုန်ကျစရိတ်မများပါ။ ဆိတ်များကို လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရာတွင် အစားအစာအဖြစ် ဇီးပင်၊ ဘောစကိုင်းပင်၊ မြေဇာမြက်များကို စားသောက်ကြပါသည်။ ပဲဖတ်၊ ဝါစေ့ဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲနှင့်ဖွဲနုများကို ဖြည့်စွက်စာဖြင့် ကျွေးလျှင် ပိုမိုဖြစ်ထွန်းပါသည်။ မြန်မာ့ဆိတ်အမျိုးအစားများမှာ ထိန်စမ်းမျိုး၊ ဂျိုတ်နီမျိုး၊ ဝေသာလီမျိုးများအား မွေးမြူကြပါသည်။ ထိန်စမ်းမျိုးမှာ အလုံးအရပ် ထွားကျိုင်းပါသည်။ ကိုယ်လုံး၏အရောင်မှာဖြူပြီး ဦးခေါင်းမည်းပါသည်။ နှာခေါင်းပိုင်းတွင် အမွေးဖြူတတ်ပါသည်။ ၎င်းမျိုးများအား မန္တလေးတိုင်းဒေသကြီး ပုပ္ပါးနယ်တဝိုက်၊ မကွေးတိုင်းဒေသကြီး ချောက်မြို့၊ နတ်မောက်မြို့များတွင်လည်း မွေးမြူကြပါသည်။ ဂျိုတ်နီမျိုးများအား ကျောက်ဆည်နယ်တစ်ဝိုက်တွင် မွေးမြူကြပါသည်။ အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မကျည်းစေ့ရောင်ရှိပါသည်။ ဝေသာလီမျိုးများအား ပခုက္ကူ၊ ရေစကြိုနယ်တဝိုက်တွင် မွေးမြူလေ့ရှိပါသည်။
ဆိတ်မများသည် တစ်နှစ်လျှင် နှစ်သားနှုန်းသားပေါက်ပါသည်။ ဆိတ်မကြီးတစ်ကောင်သည် အသက် (၆)နှစ်အတွင်း ဆိတ်သားလေး (၁၀-၁၅)ကောင်အထိမွေးမြူနိုင်ပါသည်။ ဆိတ်များကို မွေးမြူရာတွင် ပူပြင်းခြောက်သွေ့သောဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မွေးကင်းစ ဆိတ်သား လေးအား နို့ဦးရေကို (၃)ရက်အပြည့်အဝတိုက်ကျွေးပေးရပါသည်။ သို့မှသာ ကြီးထွားနှုန်း မြန်ဆန်မည်ဖြစ်ပါသည်။ အအေးမမိစေရန်နှင့် ဝမ်းရောဂါများမဖြစ်အောင် ဂရုစိုက်မွေးမြူရပါသည်။ ဆိတ်မများအား သားမွေးပြီးလျှင် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးပြီး နို့ပေးနှုန်း လျော့နည်း ချိန်တွင် နောက်တစ်သား စပ်ခြင်းဖြင့် တစ်နှစ်အတွင်း (၂)သားပေါက်နိုင်ပါသဖြင့် ဝင်ငွေတိုးပွား လာနိုင်ပါသည်။ ဆိတ်မွေးမြူရေးသည် အစာကုန်ကျစရိတ်အနည်းဆုံးနှင့် ရင်းနှီးမြုပ်နှံမှုနည်းပါးစွာဖြင့် အချိန်တိုအတွင်း ကောင်ရေတိုးပွားနိုင်သဖြင့် ဝင်ငွေရရှိမှုမြန်ဆန်ပါသည်။ ဆိတ်နို့မှ ထွက်သော နို့ရည်သည် အဆီဓါတ်နည်းသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအတွက် အစာကျေလွယ်၍ အာဟာရဖြစ်စေပါသည်။ ပေါက်ခေါင်းမြို့၊ ပေါင်းတလည်မြို့နယ်တဝိုက်အတွင်းရှိ ကျေးလက်ဒေသများတွင် ဆိတ်များမွေးမြူရာတွင် တစ်အိမ်ထောင်လျှင် အကောင်ရေ (၁၅-၂၀)ကောင်အထိ မွေးမြူကြောင်း သိရှိရပါသည်။ မွေးမြူရာတွင် စားကျက်အတွင်း လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူပါသည်။ ရိုးရိုးဆိတ်တစ်ကောင်လျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ ဆိတ်များ ပြန်လည်ရောင်းချရာတွင် ကုမ္ပဏီများမှ လာရောက်ဝယ်ခြင်းရှိသလို မွေးမြူမည့်သူများမှလည်း ပြန်လည်ဝယ်ယူကြောင်း သိရှိရပါသည်။ ဆိတ်နို့တစ်လီတာလျှင် (၂၀၀၀)ကျပ်နှုန်း၊ အသား တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချကြောင်း သိရှိိရပါသည်။ ဆိတ်တစ်ကောင်လုံး အသုံးဝင်သည့်အတွက် ဆိတ်များမွေးမြူရာတွင် အရင်းအနှီး နည်းပြီး အကျိုးအမြတ်များသဖြင့် မိသားစုတစ်နိုင်တစ်ပိုင် မွေးမြူလျှင် ဝင်ငွေတိုးမည်မှာ အမှန်ပင်ဖြစ်ပါသည်။
DOCA(ပဲခူး)