ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီး

Powered by Drupal

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၆.၃.၂၀၂၃ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ၊အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့်တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရုံးချုပ်မှတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်နှင့်တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်အရာထမ်း / အမှုထမ်း များ ၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌနှင့်တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းခွဲ (ဧရာဝတီ)၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းခွဲ (ဧရာဝတီ) ၊ မြန်မာနိုင်ငံစိုက်ပျိုးထုတ်လုပ်သူများအသင်းခွဲ (ဧရာဝတီ)၊ တိုင်းဒေသကြီး တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်းများမှ ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ ခရိုင် / မြို့နယ်များမှ စက်ပိုင် ၊ ကုန်သည်၊ တောင်သူများ စုစုပေါင်းအင်အား (၁၅၇) ဦးတက်ရောက်ခဲ့ပါသည်။

          ဆန်စပါးဥပဒေ (မူကြမ်း) ဆွေးနွေးပွဲတွင် ပထမပိုင်းအစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဆန်စပါးဥပဒေ (မူကြမ်း) နှင့်အသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

          ဒုတိယပိုင်းအစီအစဉ်အရ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုသီရိဗို က ဥပဒေ(မူကြမ်း) တွင် ပါဝင်သည့် အခန်း (၁၀) ခန်းနှင့် ပုဒ်မ (၅၁) ခုအား Power  Point ဖြင့်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှ ဥပဒေတွင် ထပ်မံဖြည့်စွက်ရမည့် အချက်များ ၊ မပါဝင်သင့်သည့်အချက်များအား အကြံပြုဆွေးနွေးကာ ဥပဒေ (မူကြမ်း) တစ်ရပ်လုံးအပေါ်  လွှမ်းခြုံ၍ အကြံပြုဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်ရလဒ်များအားဖေါ်ထုတ်ခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယခုလို ဆန်စပါး အများဆုံးထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါး ဥပ‌ဒေ (မူကြမ်း) အား လာရောက်ချပြ ရှင်းလင်းဆွေးနွေးသည့်အတွက်တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာန / အဖွဲ့အစည်း / အသင်း  / စက်ပိုင် ၊ ကုန်သည် ၊ တောင်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့်လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်၍ အချိန်ယူဆွေးနွေးပြီး ဆန်စပါးဥပဒေ အမြန်ဆုံးထွက်ရှိနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲအား ညနေ (၁၅:၃၀)နာရီတွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)