ဆည်ရေရရှိ၍ နှမ်းများစတင်စိုက်ပျိုး

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလမှ စတင်၍ ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေများပေးဝေလျက်ရှိရာ နွေစပါးစီမံကိန်းပါဝင်သောရွာများသည် နွေစပါးကို စိုက်ပျိုး၍ရသော်လည်း အလှမ်းဝေးသော ရွာများဖြစ်၍ ဆည်ရေကို အားကိုးကာ မတ်လမှ စတင်၍ နှမ်းများကို စိုက်ပျိုးကြပါသည်။

 နှမ်းတွင် ဆီကြိတ်နှမ်း (ခေါ်) နှမ်းညိုနှင့် နှမ်းနက်(ခေါ်) စမုံနက်ဟူ၍ (၂)မျိုးရှိကြောင်း၊ နှမ်းညိုကို နှမ်းဆီအဖြစ် အိမ်တွင် စားသုံးခြင်းအတွက်အသုံးပြုပြီး ပိုလျှံသည့်နှမ်းများကို နှမ်းဆီအဖြစ် ကြိတ်၍သော်လည်းကောင်း၊ နှမ်းစေ့အတိုင်းသော်လည်းကောင်း ရောင်းချကြကြောင်း၊ တောင်သူအများစုမှာ နှမ်းနက်ကို ပို၍ စိုက်ပျိုးကြကြောင်း၊ နှမ်းနက်သည် ဆေးဘက်ဝင်ပြီး ဈေးကွက်တွင် ဈေးကောင်းရရှိ၍ ပြည်ပသို့ တင်ပို့ရောင်းချကြကြောင်းနှင့်  နှမ်းစိုက်ပျိုးရာတွင် တောင်သူများမှာ အရင်းအနှီးများ၍ မိုးလေ၀သကောင်းမွန်မှု၊ ဆည်ရေရရှိမှု၊ အထွက်နှုန်း ကောင်းမှု စသည်တို့အပေါ်မူတည်၍ နှမ်းကို “နတ်သစ်စေ့”ဟု တင်စားခေါ်ဆိုကြကြောင်း သိရှိရပါသည်။

   နှမ်းညိုစိုက်ပျိုးရာတွင် ရက် (၈၀)စိုက်ပျိုးရကြောင်း၊ နှမ်းနက်ကို ရက်(၉၀) စိုက်ပျိုးရကြောင်း လယ်မြေ(၁)ဧကလျှင် နှမ်းကို (၅)ပြည်မှ (၈)ပြည်အထိ ကြဲ၍ စိုက်ပျိုးရကြောင်း၊ ယခုအချိန်တွင် နှမ်းမျိုးဈေးနှုန်းမှာ နှမ်းညို (၁)ပြည်လျှင် (၆၃၀ဝိ/-)ကျပ် နှင့် (၁)တင်းလျှင် (၁၀၀၀၀ဝိ/-) ကျပ် ထိ ဈေးနှုန်းရှိ ကြောင်း၊ နှမ်းနက် (၁)ပြည်လျှင် (၈၅၀ဝိ/-) ကျပ်နှင့် (၁)တင်းလျှင် (၁၃၀၀၀ဝိ/-) ကျပ်ထိ ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

   တောင်သူများမှာ ယခင်နှစ်က စိုက်ပျိုးပြီးသော နှမ်းမျိုးများကို ပြန်၍အသုံးပြုကြောင်း၊ မျိုးအဖြစ် အသုံးပြုမည်ဆိုပါက  ခြောက်သွေ့အောင် နေလှမ်းရပြီး သန့်စင်အောင်ပြာတီးကာ ပီနံအိတ် (၂)ထပ်ဖြင့် လေလုံအောင် သိမ်းဆည်းထားရကြောင်း၊ အချို့တောင်သူများမှာ မိမိ၏ နှမ်းမျိုးများကို အသုံးမပြုဘဲ နှမ်းမျိုးလှသည့်အပေါ်မူတည်၍ အခြားသော တောင်သူများထံမှ ဝယ်ယူကြကြောင်း သိရှိရပါသည်။

    နှမ်းစိုက်ပျိုးရာတွင် (၂)နည်းရှိကြောင်း၊ ပထမနည်းမှာ လယ်ထဲသို့ ရေကိုပြည့်ဝင်အောင် သွင်းထားပြီး (၁)ရက်ထားကာ နောက်ရက်တွင် နှမ်းကြဲပြီး ရေဖောက်ချသောနည်း၊ ဒုတိယနည်းမှာ လယ်ထဲသို့ရေကို ပြည့်အောင်သွင်းထားပြီး (၁၀)ရက်ထားကာ နှမ်းကြဲပြီး စက်ခုတ်ရကြောင်း၊  အချို့ တောင်သူများမှာ မိသားစုများ၍ လုပ်သားမငှားဘဲ တစ်နိုင်တစ်ပိုင်အဖြစ် နှမ်းကို စိုက်ပျိုးကြကြောင်း၊ လယ်ဧကများသောသူများမှာ လုပ်သားငှား၍ နှမ်းကြဲခြင်း၊ စက်ခုတ်ခြင်းများ ပြုလုပ်ကြပါသည်။ စက်နှင့်လုပ်သားငှားခမှာ (၁)ဧကလျှင် (၃၀၀၀ဝိ/-) ကျပ် ပေးရပြီး၊ စက်မပါ လုပ်သား(၁)ဦးလျှင်(၈၀၀ဝိ/-) ကျပ် ပေးရကြောင်း၊ နှမ်းကြဲရာတွင် လုပ်သားငှားခမှာ (၁)ဧကလျှင် (၅၀၀ဝိ/-) ကျပ် ပေးရကြောင်း သိရှိရပါသည်။

   နှမ်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသည့် တောင်သူဦးကြီးများအတွက် အကျိုးအမြတ်ရရှိခြင်း၊ ဆီကြိတ်ခွဲသည့်လုပ်ငန်းများဆောင်ရွက်ရခြင်း၊ ရောင်းဝယ်ဖောက်ကားသည့် ကုန်သည်များအတွက် အကျိုးအမြတ်ရရှိခြင်းအပြင် ရေသွင်းခြင်း၊ စက်ခုတ်လိုက်ခြင်း၊ နှမ်းကြဲခြင်းဖြင့် အငှားလိုက်သော လုပ်သားများ သယ်ယူပို့ဆောင်သည့်ကားများ၊ ကုန်တင်ကုန်ချသည့် လုပ်သားများတို့အတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများအား ပိုမိုရရှိနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)