ဂျပန်ပဲယင်း စိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ အမြတ်ငွေပိုမိုရရှိ

Powered by Drupal

     ကလေးမြို့နယ်အတွင်းရှိ ဆည်တောဦးကျေးရွာတွင် တောင်သူများအနေဖြင့် ဂျပန်ပဲယင်း စိုက်ပျိုးနေသည့်တောင်သူ ဒေါ်ပေါက်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မိမိအနေဖြင့် ဂျပန်ပဲယင်းသည် ပြုစုရသက်သာပြီး အခြားပဲများထက် အမြတ်ငွေပိုမိုရရှိသဖြင့် မိမိပိုင်ဆိုင်သည့် လယ် ( ၃ ) ဧကတွင် ဂျပန်ပဲယင်း စိုက်ပျိုးထားရှိပါကြောင်း မေးမြန်းသိရှိရပါသည်။

   ဂျပန်ပဲယင်းမျိုးများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ပထမပတ်တွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ နောက်ဆုံးပတ်တွင် ရိတ်သိမ်းပါသည်။ စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် မျိုး ( ၄ ) ပြည်ကျဲရပါကြောင်း၊ ဂျပန်ပဲယင်းမျိုးစေ့ ( ၁ ) တင်းလျှင် ( ၁၃၀၀၀၀ ) ကျပ် ဖြင့် ဝယ်ယူရပါသည်။ ဂျပန်ပဲယင်းသည် စိုက်ပျိုးရလွယ်ကူပြီး အကုန်ကျနည်းသည့် ပဲတစ်မျိုး ဖြစ်ပါသောကြောင့် မိသားစုလုပ်အားအပြင် ပြင်ပလုပ်သား ကုန်ကျစရိတ်အနေဖြင့် ရိတ်သိမ်းရန်အတွက် ငှားရမ်းခအနေဖြင့် လုပ်သား ( ၁ ) ဦးလျှင် ( ၄၀၀၀ ) ကျပ်ဖြင့် ငှားရမ်းရပြီး စုစုပေါင်းကုန်ကျငွေအနေဖြင့် ( ၁၅၀၀၀၀ ) ကျပ်ခန့် ကုန်ကျပြီး၊ ခြွေလှေ့ခအနေဖြင့် တစ်ဧကလျှင် ( ၁၀၀၀၀၀ ) ကျပ်သာ ကုန်ကျပါသည်။

    ဂျပန်ပဲယင်းအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၃၀ တင်းမှ ၄၀ တင်းအထိ ထွက်ရှိပါကြောင်း၊ ယခုနှစ်တွင် မိမိလယ်မှထွက်ရှိသည့် ဂျပန်ပဲယင်းများကို ကလေးမြို့ပေါ်ရှိ ပွဲရုံများကိုသာ ရောင်းချပြီး ( ၁ ) တင်းလျှင် ကျပ်( ၇၀၀၀၀ / ၇၂၀၀၀ )ဈေးနှုန်းဖြင့်ရောင်းချရပါသဖြင့်  အကျိုးအမြတ်မှာ ( ၁၅ ) သိန်းခန့်ရရှိပါ၍ မိမိအနေဖြင့် ယခုနှစ်တွင် ဂျပန်ပဲယင်းစိုက်ပျိုးခြင်းအားဖြင့် အကျိုးအမြတ်ပိုမိုရရှိပါကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)