စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁/၂၀၂၂ခုနှစ်တွင် မိုးစပါး (၆၇၀၁၃၃) ဧကစိုက်ပျိုးခဲ့ပြီး စပါးမျိုးကွဲအလိုက် စိုက်ပျိုးမှုအနေဖြင့် ရွှေသွယ်ရင် (၅၈၇၇၇) ဧက၊ ဆင်းသုခ (၁၈၇) ဧက၊ IR-747 (၁၉၆၉၉) ဧက၊ မနောသုခ (၂၅၃၇) ဧက၊ ဧရာမင်း (၂၀၇၃၄၃) ဧက၊ မနော်ဟရီ (၂၆၈၀၅) ဧကနှင့် ရွှေဘိုပေါ်ဆန်း (၃၅၄၇၈၅) ဧကစိုက်ပျိုးခဲ့ရာ ရွှေဘိုပေါ်ဆန်းစပါးအနေဖြင့် တစ်ခရိုင်လုံးစိုက်ဧက၏ (၅၂)% ကျော်စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် (၈၃) တင်းကျော်ထွက်ရှိသဖြင့် (၂၉၅၈၇၈၆၇) တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။
၂၀၂၁/၂၀၂၂ခုနှစ်ထွက် မိုးစပါး ရွှေဘိုပေါ်ဆန်း (အဟောင်း) စပါးနှင့်ဆန်ဈေးနှုန်းသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ စပါးစတင်ပေါ်ချိန်၌ စပါးတင်း (၁၀၀) လျှင် (၁၅၅၀၀၀ဝိ/-) ကျပ်နှင့် (၂၄) ပြည်ပါဆန်တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်တို့ဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး အပတ်စဉ်၊ လစဉ် စပါးနှင့် ဆန်ဈေးနှုန်းများမြင့်တက်ခဲ့ရာ ၂၀၂၃ခုနှစ် ဇန်နဝါရီလဝက်၌ ရွှေဘိုပေါ်ဆန်းစပါးတင်း (၁၀၀) လျှင် (၂၆၀၀၀၀ဝိ/-) ကျပ်နှင့် (၂၄) ပြည်ပါ ဆန်တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိခဲ့ပါသည်။ ဇန်နဝါရီလဝက်ခန့်မှစတင်၍ တောင်သူများနှင့် လှောင်လက်များလက်ဝယ်တွင် စပါးလက်ကျန်မရှိတော့သဖြင့် စပါးဈေးနှုန်းမှာ ဈေးမရှိတော့ဘဲ ဆန်စက်များနှင့် ပွဲရုံများတွင် ဆန်လက်ကျန်အနည်းငယ်မျှသာရှိနေပြီး မတ်လဆန်း၌ (၂၄) ပြည်ပါ ဆန်တစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်စက်လုပ်ငန်းရှင်များနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
ယခုနှစ်၌ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) သည် ဇန်နဝါရီလဝက်ခန့်တွင် စပါးတင်း (၁၀၀) လျှင် (၂၆၀၀၀၀ဝိ/-) ကျပ်နှုန်းနှင့် (၂၄)ပြည်ပါ ဆန်တစ်အိတ်လျှင် (၉၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် အပိတ်ဈေးရှိခဲ့ပြီး ယခင်နှစ်တွင် ဖေဖော်ဝါရီလကုန်မှသာ လက်ကျန်မရှိ၍ ဈေးပိတ်ခဲ့ကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် ရွှေဘိုပေါ်ဆန်းစပါး/ဆန် (အဟောင်း) အပိတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်တွင် စပါးတင်း (၁၀၀) လျှင် (၁၇၀၀၀၀ဝိ/-) ကျပ်နှင့် (၂၄) ပြည်ပါ ဆန်တစ်အိတ်လျှင် (၆၃၀၀ဝိ/-)ကျပ်အပိတ်ဈေးနှုန်းရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် စပါးတင်း (၁၀၀) လျှင် (၉၀၀၀၀ဝိ/-) ကျပ်နှင့် (၂၄) ပြည်ပါ ဆန်တစ်အိတ်လျှင် (၂၇၀၀ဝိ/-)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)