ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသော ကီလိုမာလကာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ကီလိုမာလကာပင်ကို ယာမြေများတွင် သြဂုတ်၊စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပါသည်။အစေ့ပျိုးပင် သို့မဟုတ် မြေထုပ်စည်းပျိုးပင်ကို (၁)နှစ်သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်ပါသည်။စိုက်ပျိုးရာတွင် (၁)ပင်နှင့် (၁)ပင် (၁၅-၁၆)ပေခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှစိုက်ပျိုးလျှင် (၄-၅)နှစ်အထိ ကြာနိုင်ကြောင်း ၊ ကိုင်းဆတ်မြေထုပ်စည်းပျိုးပင်ကို(၁)နှစ်ခွဲ (၂)နှစ်အတွင်းမှာ အသီးသီးပါကြောင်း ၊စီးပွားဖြစ် စိုက်ပျိုးသောတောင်သူဦးကြီးများက ကိုင်းဆတ် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါကြောင်း၊ ပျိုးပင်တစ်ပင်လျှင်(၁၅၀၀-၂၅၀၀)ကျပ် အထိ စျေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင်(၃၅၀)ပင် စိုက်ပျိုးကြပြီး၊ (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများစတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီး အလုံး(၉၀၀-၁၀၀၀)ခန့်ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့်မိုးရာသီတွင် အသီးအမြောက်အမြား ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်းလျော့နည်းပါကြောင်း၊ ကီလိုမာလကာသီး တစ်လုံးလျှင်(၂၀၀-၃၀၀)ကျပ် အထိရောင်းချရကြောင်း၊ ဖောက်သည်စျေးနေဖြင့် အလုံးအကြီး၊ အသေး ပေါ်မူတည်၍(၁၅၀-၂၀၀)ကျပ်စျေးများဖြင့် ရောင်းချပေးကြောင်း၊ ကျောင်းဖွင့်ရာသီချိန်မျိုးတွင် ပိုမိုအရောင်းသွက်ကြောင်းနှင့် မာလကာသီးစားသုံးခြင်းဖြင့် ဗီတာမင်စီများစွာရရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး စီးပွားလည်းဖြစ်ဝင်ငွေတိုးသော ကီလိုမာလကာပင်များကို တိုးချဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(မန္တလေး)