မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)စိုက်ပျိုးမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၉၄၁၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၅၀၁၂) ဧက ၊ မြစ်သားမြို့နယ်တွင်(၃၁၅၅၆)ဧက ၊ စုစုပေါင်း(၇၅၉၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၆၀၂၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄)ဧက၊ မြစ်သားမြို့နယ်တွင်(၃၁၇၄၉)ဧက ၊ စုစုပေါင်း(၇၄၀၇၉)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ကျောက်ဆည်မြို့နယ် တွင်(၁၉၃၅၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၉၈၀၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၅၈၇၀)ဧက ၊စုစုပေါင်း (၄၅၀၂၄)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ကုလားပဲကို မျိုးအနေဖြင့် (V2)မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး (V2)ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ (၁)ဧကလျှင် မျိုးစေ့ (၁.၅-၂)တင်းနှုန်းခန့် ကုန်ကျပြီး တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြသလို အချို့မှာစိုက်ပျိုးချိန် ရောက်မှစျေးကွက်အတွင်းမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုး စျေးနှုန်းအနေ ဖြင့် ကုလားပဲ(V2)တစ်တင်းလျှင်(၆၄၀၀၀/-)ကျပ်၊ ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၅၄၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပါသည်။ နှစ်စဉ် ကုလားပဲကို ယာမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး လယ်မြေများတွင် ဒီဇင်ဘာလတွင် စိုက်ပျိုးကြကြောင်း သိရှိရပါ သည်။ကုလားပဲ(ဆောင်း) စိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျပါသည်။ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲ(V2)တစ်တင်းလျှင် (၃၇၀၀၀/-) ကျပ်၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၃၅၀၀၀/-)ကျပ် စျေးနှုန်းသာရှိခဲ့ပြီး ယခုနှစ် ကုလားပဲ စတင်ထွက်ရှိချိန်တွင် ကုလားပဲ(V2) တစ်တင်းလျှင် (၆၅၀၀၀/-)ကျပ်၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၆၂၀၀၀/-)ကျပ် ဈေးနှုန်းရရှိခဲ့ပြီး ယခုအချိန်တွင် ကုလားပဲ(V2) တစ်တင်းလျှင် (၆၃၀၀၀/-)ကျပ် ၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၆၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် စတင်ထွက်ရှိချိန်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေပါကြောင်း သိရှိရပါသည်။ ယခင်နှစ်ထက် တောင်သူများအနေဖြင့် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် (၄၃၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)