“ခရမ်းသီး(အလုံးသေး) စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံများစိုက်ပျိုးကြသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းသီး(အလုံးသေး) သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ခရမ်းသီး(အလုံးသေး)ကို ရာသီမရွေး စိုက်ပျိုး နိုင်ပြီး ၄င်းမျိုးအား စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ (၃)လအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက် တစ်ပတ်အထွက်နှုန်း ပိုလာကြောင်းနှင့် အထွက်နှုန်း အနေဖြင့်တစ်ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၄၀-၅၀)ခန့် ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ(၃၀၀-၄၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ၊ စုစုပေါင်း(၇၅၀၀၀၀-၈၀၀၀၀၀) ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ခရမ်းသီး(အလုံးသေး)ကို အနည်းဆုံး(၅)လကျော်အထိ ခူးဆွတ်နိုင်ကြောင်း၊ စတင်ထွက်ရှိသော ဒီဇင်ဘာလတွင် ခရမ်းသီး(အလုံးသေး)စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၅၀၀-၆၀၀)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ခရမ်းသီး(အလုံးသေး) တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်း မတူညီကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ် သက်သာကြောင်း၊ ပွဲစားများမှ မန္တလေး၊ နေပြည်တော် ၊ရန်ကုန်စျေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် စျေးနှုန်းကျဆင်းနေသော်လည်း စတင်ထွက်ရှိသည့်အချိန်တွင် စျေးကောင်းရရှိသောကြောင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရရှိသောကြောင့် တွက်ချေကိုက်သည့် သီးနှံဖြစ်ပါကြောင်း ခရမ်းသီး (အလုံးသေး) စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)