မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို မိတ္ထီလာ၊ သာစည်၊မလှိုင်၊ ဝမ်းတွင်းစသည့်မြို့နယ်များတွင် မိုး/ဆောင်းရာသီနှစ်မျိုးစလုံးတွင် ပိုမိုစိုက်ပျိုးခဲ့ရာ စီမံကိန်းလျာထားချက်ကျော်လွန်ပြီး စိုက်ပျိုးနိုင်သည့်အပြင် တိုးချဲ့စိုက်ဧက မိုးနေကြာ(၃၇၂၃)ဧကနှင့် ဆောင်းနေကြာ(၉၇၂၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးသည့်နေကြာမျိုးကွဲများမှာ ဆင်းရွှေကြာ-၂၊ ရေဆင်း ၁ စပ်မျိုး နှင့် Black Sunflower မျိုးများကို သီးသန့်စိုက်ခင်းများဖြင့်လည်းကောင်း ၊အခြားသီးနှံများနှင့်ရော၍ ပင်ကြား၊ တန်းကြား သီးညှပ်စိုက်ပျိုးခြင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ၊ မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးမှုဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။
တောင်သူများအနေဖြင့် မိုးနေကြာကို မိုးဦးကာလ မေ၊ဇွန်လများတွင် စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် မိုးနှောင်ကာလ သြဂုတ်၊စက်တင်ဘာလများအထိ တိုးချဲ့စိုက်ပျိုးကြပါသည်။ နေကြာ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ်(၂)သိန်းခန့်သာကုန်ကျပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၂၀)ကျော်ခန့် ထွက်ရှိပြီး လက်ရှိနေကြာစျေးနှုန်းမှာလည်း တစ်တင်းလျှင် (၃၅၀၀၀) ကျပ်ခန့် ရောင်းချရကြောင်း၊ ဆီကြိတ်ရောင်းလျှင်လည်း နေကြာဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်ရရှိသဖြင့် စီးပွားရေးအရတွက်ခြေကိုက်၍ အကျိုးအမြတ်များစွာ ရရှိသဖြင့် လာမည့်နှစ်များတွင်လည်း နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးလုပ်ကိုင်သူတောင်သူများထံမှ သိရပါသည်။
DOCA(မန္တလေး)