ကင်းမွန်သည် ရေငန်တွင်အသက်ရှင်နေထိုင်လျက်ရှိပြီး အချို့က ပြည်ကြီးငါးဟုလည်း ခေါ်ကြပါသည်။ ရေငန်ပိုင်းနေ ကျောရိုးမဲ့၊ အခွံမဲ့ ရေနေသတ္တဝါများဖြစ်သော ကင်းမွန်နှင့် ပြည်ကြီးငါးများမှာ ပုံသဏ္ဍာန်တူသည်ဟု ထင်ရသော်လည်း ကင်းမွန်၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ ရှည်မျောမျောရှိပြီး ပြည်ကြီးငါး၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာ လုံးဝန်းလျက်ရှိပါသည်။
ဆိုင်တစ်ဆိုင်တွင် ပင်လယ်စာဟုဆိုလျှင် မပါမဖြစ်သည့်အမျိုးအစားတစ်မျိုးမှာ ကင်းမွန် ဖြစ်ပါသည်။ ကင်းမွန်ဟာ ပရိုတင်း အသားဓာတ်နှင့် သတ္တုဓာတ်တွေ ကြွယ်ဝသည့်အပြင် အဆီရော၊ ကယ်လိုရီရော နည်းသောကြောင့် ကျန်းမာရေးအတွက် စားသုံးရန်သင့်သော အစားအစာတစ်မျိုးဖြစ်ပါသည်။
ကင်းမွန်သည်တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိကြပြီး အများအားဖြင့် ရေအပူချိန်တိုး လာချိန်များ၌ ပိုပြီးသားပေါက်ကြပါသည်။ အသေးဆုံးကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်းအားဖြင့် ကင်းမွန်များ၏သက်တမ်းမှာ(၃)နှစ်သာ ရှိပါသည်။ ကင်းမွန်အမမှာ ဥပေါင်း (၁)သိန်းကျော်ထိ ဥ ဥနိုင်ကြပါသည်။ ဧပြီ၊ မေလများသည် ကင်းမွန်များ သားပေါက်ရာသီဖြစ်သောကြောင့် ထိုကာလ၌ ကင်းမွန်ဖမ်းခြင်းကို ရပ်ဆိုင်းထားပြီး သတ်မှတ်ကာလမှအပ ကင်းမွန်များကို အများအားဖြင့် လပြည့်ကျော် (၄)ရက်နေ့မှစ၍ ဖမ်းဆီးကြပါသည်။ အဓိကအားဖြင့် ဆောင်းဦးအစမှ နွေဦးပေါက်သည်အထိ ဖမ်းဆီးရမိမှုမှာ ပိုမိုများပြားလျက်ရှိပါသည်။
ကင်းမွန်ကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံး တွေ့ရှိရပြီး မွန်ပြည်နယ်တို့တွင်လည်းဖမ်းဆီရမိကြသည်။ မြိတ်ဒေသတွင်ဖမ်းဆီးရမိသည့် ကင်းမွန်အရွယ်အစားမှာ ၁လက်မအရွယ်မှ ၁၀ လက်မအရွယ်ခန့်ရှိပြီး ဖမ်းဆီးရမိသည့် ကင်းမွန်များကို ပြည်တွင်း နေရာအနှံ့အပြားသို့ ပို့ဆောင်လျက်ရှိကြပါသည်။ ကင်းမွန်ကို စျေးကွက်တွင် အရွယ်(၃)မျိုး ခွဲခြားလျက်ရှိပြီး ၂ လက်မနှင့်အောက်ကို ကင်းမွန်အခြောက်ပြု လုပ်၍ရောင်းချပြီး ၃ လက်မနှင့် အထက်ကင်းမွန်များကို ရေခဲရိုက်၍သော်လည်းကောင်း၊ သန့်စင်၍ အကွင်းလိုက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချလျက်ရှိပါသည်။ အကွင်းလိုက်ပြုလုပ်ထားသော ကင်းမွန်များကို တရုတ်နိုင်ငံမှအများဆုံးဝယ်ယူကြပြီး အကောင်လိုက် ရေခဲရိုက်ထားသောကင်းမွန်များကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိ ကြပါသည်။
ယခင်က စျေးကွက်ဝင် ကင်းမွန်တစ်ပိဿာလျင် ၁၅၀၀၀ကျပ်ခန့်ရှိရာမှ ယခုအချိန်တွင် စက်သုံးဆီစျေးနှုန်းမြင့်မားလာခြင်းနှင့် ကင်းမွန်ရရှိမှုနည်းပါးခြင်းတို့ကြောင့် စျေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ခန့်ထိ စျေးပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း ကင်းမွန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ ရေးသားတင်ပြလိုက်ပါသည်။
DOCA(တနင်္သာရီ)