ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်က နေကြာမျိုးကောင်းမျိုးသန့်များကို တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် မွန်ပြည်နယ်၌ နေကြာ ရေးဆင်း-၁ မျိုးများကို စိုက်ဧကစုစုပေါင်း (၆၁၃၄) ဧက စိုက်ပျိုးကြောင်းနှင့် နေကြာများကို ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စပါးရိတ်သိမ်းပြီးသည့်လယ်မြေများကို ထွန်ယက်ကာစတင်စိုက်ပျိုးကြပြီး ယခု မတ်လဆန်းတွင် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။
အထွက်နှုန်းမှာ နေကြာတစ်ဧကလျှင် (၂၉) တင်းခန့်ထွက်ရှိပြီး နေကြာတစ်တင်းကြိတ်လျှင် (၂.၇၅) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်က နေကြာစေ့ (အခွံပါ) တစ်တင်းလျှင် (၃၂၀၀၀) ကျပ်နှင့် နေကြာဆီတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် နေကြာစတင်ထွက်ပေါ်ချိန်တွင် နေကြာစေ့ (အခွံပါ) တစ်တင်းလျှင် (၃၅၀၀၀) ကျပ်နှင့် နေကြာဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဒေသတွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မွန်)