စလင်းမြို့နယ်၊ ထူးပေါက်ကျေးရွာ၌ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် (၁၂.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ထူးပေါက်ကျေးရွာရှိ ကုလားပဲစိုက် တောင်သူများအား တွေ့ဆုံ၍ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထူးပေါက်ကျေးရွာသည် အိမ်ခြေ(၁၈၀)ခန့်ရှိပြီး လူဦးရေ (၄၀၀)ခန့် ရှိပါကြောင်း၊ တောင်သူများ အနေဖြင့် နှစ်စဉ် စပါး၊ ကုလားပဲနှင့် နှမ်းသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်က ကုလားပဲကို စိုက်ပျိုးမှုနည်းခဲ့သော်လည်း ယခုနှစ်တွင် ထူးပေါက်ကျေးရွာ၌ တောင်သူ(၇၀)ဦးမှ စိုက်ဧက (၃၅၀) ဧကခန့်စိုက်ပျိုးခဲ့ရာ ပဲလုံးကြီး၊ ပဲလုံးသေးနှင့် 929မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကုလားပဲစိုက် တောင်သူဦးပေါက်အနေဖြင့်ယခုနှစ်တွင် (၁၀)ဧကစိုက်ပျိုးပြီး (၁၀၀)တင်းခန့်ထွက်ရှိ ၍ (၁)ဧကလျှင် ပျမ်းမျှ(၁၀)တင်းထွက်ရှိကြောင်း၊ ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးရွာ သွန်းမှုနည်းပါးကာ အအေးဓါတ်ပိုသည့်အတွက် ကုလားပဲအထွက်နှုန်း ကောင်းမွန်ကြောင်း၊ ကုလားပဲ ကို မိုးစပါးရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး (၁)ဧကစိုက်ပျိုးရန် မျိုး(၂)တင်းခွဲ ကြဲပက်ရကြောင်း၊ မြေပြုပြင်ချိန်မှစ၍စိုက်ပျိုးပြီးသည်ထိ ကျပ်(၂၅၀၀၀၀)ခန့်ကုန်ကျကာ အပင်အားဆေး၊ ပိုးသတ်ဆေးနှင့် ရေဖြန်းခြင်းလုပ်အားခနှင့် သွင်းအားစုအပါအဝင် (၁)ဧကလျှင် ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင် ရိတ်သိမ်းရပြီး (၁)ဧကလျှင်အထွက်နှုန်း (၁၀)တင်းနှုန်းထွက်ရှိကာ သီးနှံပေါ်ချိန် ကုလားပဲ(၁)တင်းလျှင် ကျပ်(၆၀၀၀၀)ရရှိ၍ (၁)ဧကဝင်ငွေ ကျပ်(၆၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၂၀၀၀၀၀)ရရှိကြောင်း သိရှိရပါသည်။

   စလင်းမြို့နယ်ရှိ ထူးပေါက်ကျေးရွာသည် လူဦးရေနည်းပါးပြီး ကုလားပဲစိုက်ဧကများသောကြောင့် စားသုံးပြီး ပိုလျှံသော ကုလားပဲများကို မြို့ပေါ်နှင့် နယ်အသီးသီးရှိပွဲရုံများသို့ တိုက်ရိုက်ရောင်း ချကြပါသည်။ ၎င်းအပြင် ကုန်ချောအဖြစ် ဘရာကြော်၊ ပဲခွေကြော်၊ ပဲချောင်း၊ အလှူမင်္ဂလာဆောင် တို့တွင်လည်း ပဲဟင်းအဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း တောင်သူဦးပေါက်ထံမှ သိရှိရပါသည်။

   ယခုနှစ် ကုလားပဲစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်သောကြောင့် အမြစ်ပိုးစွဲမှုနည်းပါးခြင်း၊ မှိုကပ်ရောဂါနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ဈေးနှုန်းသင့်တင့်မျှတသောကြောင့် ကုလားပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)