စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

Powered by Drupal

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအား ၂၀၂၃ ခုနှစ်၊ မတ်လ ( ၁၅ ) ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်‌ကျော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ စားသုံးသူပြည်သူများ  စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

      ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူအခွင့်အရေးဆိုသည်မှာ လူတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့နေ့စဉ်စားသုံးမည့် အစားအသောက်များ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားလုံးကို ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်မည်မဟုတ်သည့်အတွက် ထုတ်လုပ်ရောင်းချကြသူများထံမှ  တဆင့်ဝယ်ယူသုံးစွဲကြရပါကြောင်း၊ စားသုံးသူများဖြစ်ကြသည့် မိမိတို့တွင် စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများအား ကာကွယ် ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ရှိနေပြီဖြစ်သည့်အတွက် စားသုံးသူနစ်နာမှုများ ကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့် မျှတသည့်စီးပွားရေး ပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများကိုလည်း လိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ယင်းနောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် ကော်မတီ၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ကော်မတီမှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် ကိုလည်းကောင်း၊ ဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်သော စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြခန်းများကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်သော ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်သည့် အသိပညာပေးပြခန်းကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဒေသထွက်ကုန်ပြခန်းကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)