စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိရာ (၈-၃-၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဆီးဆံထုတ်လုပ်သောလုပ်ငန်းရှင် ဦးအောင်ဇော်သင်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆီးဆံလုပ်ငန်းရှင်က မိမိတွင် ဆီးခွဲစက်(၄)လုံးရှိပါကြောင်း၊ အမျိုးသားလုပ်သား (၈)ဦး၊ အမျိုးသမီးလုပ်သား(၆)ဦးရှိ၍ (၁)နေ့လျှင် အမျိုးသားတစ်ဦးလုပ်အားခမှာ ကျပ်(၉၀၀၀) အမျိုးသမီးတစ်ဦးလုပ်အားခမှာ ကျပ်(၇၀၀၀)ပေးရပါကြောင်း၊ ဆီးဆံများထုတ်လုပ်ရာတွင် ဦးစွာ ဆီးသီးအစိုနှင့် ဆီးသီးအခြောက်များကိုဝယ်ယူရကြောင်း၊ အနီးပတ်ဝန်းကျင်ရွာများမှ လာရောက်ရောင်းချကြကြောင်း၊ အစိုတစ်တင်းလျှင် ကျပ်(၈၀၀၀)ရှိ၍ အခြောက်တစ်တင်းလျှင် ကျပ်(၁၁၀၀၀) ပေးဝယ်ရကြောင်း၊ ဆီးသီးအစို(၅)တင်းလှန်းလျှင် အခြောက်(၄)တင်းရရှိကြောင်း၊ ဆီးဆံထုတ်လုပ်ရာတွင် ဆီးသီးခြောက်ကိုအသုံးပြု၍ ပထမဦးစွာ စက်ဖြင့်အခွံချွတ်၍ ထွက်လာသော ဆီးသီးခွဲသားများကို အမျိုးသမီးများက အစေ့နှင့်အခွံများကို ပြာတီးသန့်စင်ခွဲခြားပြီးနောက် ရရှိလာသောဆီးစေ့များကို အမျိုးသားလုပ်သားများက စက်ဖြင့်ကြိတ်ခွဲရကြောင်း၊ ရရှိလာသောဆီးစေ့နှင့်ခွဲသားများကို စက်နှင့်ပင်ခွဲခြား၍ ပါလာသောအမှုန်အမွှားများကို အမျိုးသမီးများက ပြာတီးသန့်စင်၍ ကောင်းမွန်သန့်ရှင်းသောဆီးဆံများထုတ်လုပ်ကြောင်း သိရပါသည်။
ဆီးသီးခြောက်တစ်တင်းခွဲကြိတ်လျှင် အဆံ(၂၅)ကျပ်သားထွက်ရှိ၍ မီးလာရက်တွင် တစ်နေ့လျှင် တင်း(၃၀၀-၃၅၀)ကြိတ်ခွဲနိုင်သော်လည်း မီးမလာသည့်ရက်တွင် ကြိတ်ခွဲမှုနားရကြောင်း၊ အထွက်နှုန်းမှာ တစ်နေ့လျှင် ဆီးဆံပိဿာ(၇၅-၈၀)ကြားထွက်ရှိကြောင်း၊ ယခင်နှစ်က ဆီးသီးခြောက်တစ်တင်းလျှင် ကျပ်(၅၅၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဆီးသီးခြောက်တစ်တင်းဈေးမှာ ကျပ်(၁၁၀၀၀)ဖြစ်သော်လည်း ဆီးဆံဈေးမှာ တစ်ပိဿာလျှင် ကျပ်(၄၈၀၀၀)ရသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်လျက်ရှိကြောင်း၊ ရရှိလာသောဆီးဆံများကို မန္တလေးမြို့ပွဲရုံများသို့ တိုက်ရိုက်ရောင်းချ၍ မန္တလေးမြို့မှတစ်ဆင့် တရုတ်ကုန်သည်များထံသို့ရောင်းချကြောင်း ဆီးဆံထုတ်လုပ်သော လုပ်ငန်းရှင်ဦးအောင်ဇော်သင်းထံမှ သိရှိရပါသည်။
DOCA(မကွေး)