ပြည်ပြောင်းဖူးဈေးကွက် ဈေးကောင်းရ

Powered by Drupal

     ပြည်ဈေးကွက်အတွင်း ပြောင်းဖူးသီးနှံမှာ ဈေးကောင်းရလျက်ရှိပြီး ပြည်ဈေးကွက်အတွင်းသို့ ရွှေတောင်၊ သဲကုန်း၊ အင်းမ၊ ပုတီးကုန်း၊ မှော်ဇာ၊ ဆင်မြီးဆွဲ၊ တောင်ခွေးရဲ စသည့်နယ်များမှ ပြောင်းဖူးများဝင်ရောက်မှုရှိ၍ ရောင်းချသည့်မျိုးမှာ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူရရှိသည့်မျိုးများကို အဓိကထားဝယ်ယူ၍ စိုက်ပျိုးရောင်းချလျက်ရှိပြီး ဆင်မြီးဆွဲ၊ ပြောင်းဖူး၊ ခွေးရဲပြောင်းဖူးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးတွင် ဗီတာမင် B1၊ B5၊ B9၊ C၊ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ နိုင်ယာစင်၊ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နှင့် အင်တီအောက်ဆီးဒင့် ဇီဇန်သင်း၊ Ferulic Acid စသည့် အာဟာဓါတ်များစွာပါဝင်မှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာတို့အား ကာကွယ်ခြင်း၊ မှတ်ဉာဏ်စွမ်းအားနှင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင် ရောင်ရမ်းမှုလျော့ကျစေခြင်း၊ သွေးတွင်းကိုလက်စထရော လျော့ကျစေခြင်းများအပြင် ပြောင်းဖူးတွင် ဖိုက်ဘာအမျှင်ဓာတ် အတော်များများပါဝင်သောကြောင့် အူတွင်းရွေ့လျားမှုကို မြှင့်တင်ပေးနိုင်ပြီး စအိုကင်ဆာကာကွယ်ကုသခြင်းတွင် အရေးပါအရာရောက်သည့်သီးနှံဖြစ်ပါသည်။ အရောင်းအဝယ်အနေဖြင့်လည်း သက်သက်လွတ်စားခြင်း၊ အဆာပြေစားခြင်း၊ မြန်မာ့ရိုးရာလက်ဖက်နှင့်တွဲဖက်၍ ထမင်းနှင့်စားခြင်း၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်ဥတို့နှင့်ရောကြိတ်၍ ပြောင်းဖူးအချပ်ကြော်၊ အပျော့ကြော် စသဖြင့် လုပ်စားကြခြင်းနှင့် မာလာရှမ်းကောထဲတွင်လည်း ထည့်သွင်းစားသုံးခြင်းများကြောင့် အရောင်းအဝယ်သွက်လျက်ရှိသည်။ လက်လီဈေးများတွင် အထိုင်ချရောင်းချခြင်း၊ စက်ဘီး/ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချခြင်း၊ လူစည်ကားရာနေရာများတွင် ပြောင်းဖူးပြုတ်အိုးနှင့် မီးဖုတ်မီးဖိုသံပြားများနှင့်အတူ ပူပူနွေးနွေးရောင်းချခြင်းများလည်းရှိပါသည်။ ယခင်ကာလများတွင် ပြောင်းဖူးတစ်ဖူးလျှင် အမြင့်ဆုံးရရှိသည့်ဈေးမှာ ကျပ် (၂၅၀-၃၀၀) ထိသာရှိခဲ့ပြီး ယခုပြောင်းဖူးဈေးနှုန်းများမှာ ပြောင်းဖူးအဝါတစ်ဖူးလျှင် အစိမ်း (၂၅၀-၃၀၀) ကျပ်၊ အပြုတ်တစ်ဖူးလျှင် (၄၅၀) ကျပ်ရှိပြီး အဝါအချောတစ်ဖူးလျှင် (၆၀၀-၅၀၀) ကျပ်တို့ဖြင့်ရောင်းချကြကာ ပြောင်းဖူးအဖြူတစ်ဖူးလျှင် အစိမ်း (၃၅၀) ကျပ်၊ အပြုတ် (၄၀၀-၅၀၀) ကျပ်တို့ဖြင့် ရောင်းချမှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)