![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၁၄_1.jpg?itok=MIPp9j8b)
ညောင်ပင်ဆိုသည်မှာ အထူးအထွေပြောစရာမလိုအောင် မြင်ဖူးပြီး ရင်းနှီးပြီးသားလည်းဖြစ်ပါသည်။ ညောင်ပင်၏အရွက်နုနုလေးကို ရေနွေးဖျောပြီး အတို့အမြှုပ်အနေဖြင့် စားနိုင်သည့်အပြင် ညောင်ရွက်မဖြစ်မီ ညောင်ဖူးလေးများကို ပါးပါးလှီးပြီး၊ ဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ကြက်သွန်နီစိမ်း၊ ကြက်သွန်ကြော်၊ နှမ်း၊ ငရုတ်သီးစိမ်း၊ သံပုရာရည်တို့ဖြင့် အရသာရှိရှိ သုပ်စားနိုင်ပါသည်။ ညောင်ဖူးသုပ်ကို ထမင်းနဲ့တွဲစားနိုင်သကဲ့သို့ ရေးနွေးကြမ်းလေးနှင့် အဆာပြေ လေးလည်းစားနိုင်ပါသည်။ ယခုရာသီချိန်တွင် ညောင်ဖူးလေးများ စတင်ထွက်ပေါ်လာပြီဖြစ်သဖြင့် ညောင်ဖူးနုနုလေးများအား ခူးဆွတ်ပြီး ဈေးကွက်အတွင်းရောင်းချရာတွင် ရာသီပေါ်စာဖြစ်သဖြင့် အလေးချိန်တစ်ဆယ်ကျပ်သားလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ညောင်ပင်တွင် အမျိုးအစား(၂)မျိုးရှိပြီး ညောင်ချဉ်ပင်နှင့် ညောင်ချိုပင်ဖြစ်ပါသည်။ ညောင်ဖူးနုနုလေးများအား သုပ်စားရာတွင် များသောအားဖြင့် ညောင်ချိုအပင်များမှခူးယူ၍ စားသောက်ကြပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)