ဈေးကောင်းရနေသည့် ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်သရက်

Powered by Drupal

    အသီးထက် အဆိမ့်အရသာနှင့်ပြည့်စုံသောအစေ့ဆံကြောင့် ပို၍တန်ဖိုးထားသော  ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်သရက်စေ့ကုန်ကြမ်းများမှာ  ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့်ရရှိခဲ့ကြောင်း သိရပါသည်။

     ကရင်ပြည်နယ်အတွင်း သီဟိုဠ်သရက်စေ့ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယခင်နှစ်က  အရည်အသွေးကောင်းမွန်သည့် သီဟိုဠ်သရက်စေ့ တစ်ပိဿာလျှင် ကျပ်၂၂၀၀ဖြင့် ဈေးပိတ်ခဲ့ပြီး ယခု ၂၀၂၃ခုနှစ်၌ အဖွင့်ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းဖွင့်ခဲ့ကာ  ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လ လယ်တွင်  တစ်ပိဿာလျှင် ၄၉၀၀ကျပ်  မှ ၅၂၀၀ ကျပ်ထိ ‌ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ  သီဟိုဠ်စေ့အဝယ်ဒိုင်လုပ်ငန်းရှင် ဦးလှရွှေက ပြောပါသည်။

    သီဟိုဠ်သရက်စေ့ ကုန်ကြမ်းဈေးနှုန်းမှာ ယခုတစ်လအတွင်း၌ပင် ဈေးမငြိမ်ဘဲ နေ့စဉ်နှင့်အမျှ အပြောင်းအလဲဖြစ်နေပါသည်၊၊ နေ့စဉ်ပေါက်ဈေးမှာ ဈေးနှုန်းအတက်အကျမကြမ်းသော်လည်း တစ်ပိဿာလျှင် (၁၀၀/၂၀၀)ကျပ် အမြဲကွာဟနေသောကြောင့် မြေပြင်တွင် ဝယ်ယူရသည့်အခြေအနေမှာ အခက်အခဲအနည်းငယ်ရှိနေပါသည်။ ယခင်နှစ်က သီဟိုဠ်စေ့ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်၂၂၀၀နှင့်ဈေးပိတ်ခဲ့ပြီး ယခုနှစ်တွင်မူ ဈေးစဖွင့်ကတည်းကပင် အတက်ဈေး ၃၅၀၀ကျပ်နှင့် စဖွင့်လာခဲ့ရာမှ ယခုဆိုလျှင် ၅၀၀၀ကျပ်ခန့်ရှိနေကြောင်း သိရှိရပါသည်။

      ကရင်ပြည်နယ်အတွင်း တစ်နှစ်လျှင် သီဟိုဠ်စေ့အဆံပိဿာချိန် ၅သိန်းကျော် (တန်ချိန် ၈၀၀) ကျော်ထွက်ရှိနိုင်ပြီး ကရင်ပြည်နယ်ဒေသထွက် သီဟိုဠ်စေ့များကို ဒေသတွင်းဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်နှင့် မြိတ်မြို့များသို့တင်ပို့ရောင်းချကြ၍ မြဝတီနယ်စပ်မှတစ်ဆင့်လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ကရင်)