အာလူးစိုက်ပျိုးခြင်းမှ အောင်မြင်ခြင်း

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာတွင် တရုတ်မျိုး အာလူးစိုက်ပျိုးခြင်းအားဖြင့် မိသားစုစားဝတ်နေရေးအတွက် အလွန်အရေးပါပြီး အထောက်အကူဖြစ်စေသည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ကျောင်းကုန်းရွာသည် မန္တလေး-လားရှိုးလမ်းမကြီးမှ (၃)မိုင်အကွာတွင် တည်ရှိ၍ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာရွာလေးဖြစ်ကြောင်း သိရှိရပါသည်။ အိမ်ခြေ(၁၅၀)ကျော်ရှိသည့်အနက် အိမ်ခြေ(၅၀)ဝန်းကျင်သည် အာလူးစိုက် တောင်သူများ ဖြစ်ကြောင်း သိရှိရပါသည်။       

  ယခင်က အောင်ပန်းအာလူးမျိုး စိုက်ပျိုးခဲ့သော်လည်း အာလူးအထွက်နှုန်းနည်းပါးခြင်းကြောင့် တောင်သူများက တရုတ်ပြည်မှလာသည့် တရုတ်အာလူးမျိုးကို ပို၍စိတ်ဝင်စားပြီး အဓိကစိုက်ပျိုးလာကြကြောင်း၊ ၂၀၂၀ခုနှစ်တွင် အိန္ဒိယကုမ္ပဏီတစ်ခုမှ အာလူးမျိုးတစ်မျိုးစိုက်ပျိုးခဲ့သော်လည်း သက်တမ်းတိုလွန်း၍ အာလူးအထွက်နှုန်း နည်းပါးလှသည့်အတွက် အရှုံးများထွက်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

    ယခုအခါ ကျောင်းကုန်းရွာတွင် တရုတ်လူမျိုး အာလူးစိုက်တောင်သူ(၅၀)ဦးသည် (၇၀)ဧက စိုက်ပျိုးလျက်ရှိပြီး ရေသွင်းစိုက်ပျိုးနည်းဖြင့် အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှ စတင်စိုက်ပျိုးပြီး မတ်လကုန်တွင် အသီးရိတ်သိမ်းကြကြောင်း၊ သွင်းအားစုအနေဖြင့် နွားချေး၊ ကြက်ချေး၊ ပုလဲမြေဩဇာများကျွေးရပြီး အားဆေးအနေဖြင့် ပိုးသတ်ဆေး၊ မှိုဆေးများပတ်ဖျန်းခြင်းဖြင့် အပင်များကြီးထွားလာပြီး အထွက်နှုန်းအားကောင်းစေကြောင်း၊ ပြောင်းရာသီချိန်ပြီးမှ အာလူးသီးသန့်စိုက်ပျိုးရကြောင်း၊ အာလူးစိုက်ပျိုးရာတွင် (၂)ခြမ်းခွဲ၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ပိဿာ(၇၀၀ မှ ၉၀၀)အထိ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

  စိုက်ပျိုးထွက်ရှိမှုမှာ တစ်ဧကလျှင်ပိဿာ(၆၀၀၀ မှ ၉၀၀၀)အထိ ထွက်ရှိကြောင်း၊ ဈေးနှုန်းအခြေအနေမှာ ရာသီပေါ်ခါစ တစ်ပိဿာလျှင် (၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်)အထိရှိပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် (၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်)အထိ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း၊ တင်ပို့ရောင်းချ မှုအနေဖြင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ပွဲစားများမှတစ်ဆင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

  ယခုနှစ်တွင် အာလူးဈေးကွက်တစ်ပိဿာလျှင် (၃၀၀ကျပ်မှ ၄၀၀ကျပ်)အထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ကြည့်ပါက အာလူးမျိုးစေ့ဝယ်လိုအားကောင်း၍ ယခင်နှစ်များထက် တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း အာလူးစိုက်တောင်သူကြီးတစ်ဦး၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)