Gasifier သုံးဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၁၈.၃.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကျင်းပပြုလုပ်သော Gasifier သုံး ဆန်စက်များ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဒေသကြီးဦးစီးမှူးတို့ ဦးဆောင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်မှ ဆန်စက်ပိုင်ရှင်များ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါအခမ်းအနားတွင် သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် စက်မှုကြီးကြပ်ညွှန်ကြားရေးမှူးက Gasifier သုံးဆန်စက်များအတွက် ဆန်စက်များမှ စွန့်ပစ်ရေဆိုးများအား အနည်ထိုင်ကန် အဆင့် (၃)ဆင့်ပြုလုပ်၍ အဖိုးနည်းဝန်ပါ ရေသန့်နည်းစနစ်ကို တင်ပြဆွေးနွေးခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးညွှန်ကြားရေးမှူးက Gasifierသုံး ဆန်စက်များ ကန် (၃)ကန် နည်းစနစ်အတိုင်းပြုလုပ်ကြရန်နှင့် မပြုလုပ်ပါက ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူဆောင်ရွက်နိုင်မည့် ဥပဒေအကြောင်းနှင့် ကုန်ကျစရိတ်သက်သာပြီး ရေဆိုး ရေသန့် သန့်စင် နည်းစနစ်များကို နည်းပညာပေး ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များမှ Gasifier အသုံးပြုမှု အခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက်များကို မြို့နယ်အလိုက် လုပ်ငန်းရှင်တစ်ဦးချင်းက တင်ပြဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးတင်အေးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် Gasifier သုံးဆန်စက်များအတွက် နည်းစနစ်တကျဆောင်ရွက်ပါက ပတ်ဝန်ကျင်ထိခိုက်မှုလျော့နည်းကာ လုပ်ငန်းပိုမို အောင်မြင်လာနိုင်၍ ကုန်ကျစရိတ်နည်းပါးပြီး၊ အကျိုးများစွာရရှိသည့် စီးပွားရေးအောင်မြင်မှု၏ အခြေခံကောင်း များဖြစ်ကြောင်းကို အကျယ်တဝင့် မှာကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ မအူပင်ခရိုင်အတွင်းရှိမြို့နယ်များမှ လုပ်ငန်းရှင် (၃၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)