အိန္ဒိယနိုင်ငံတွင် ဝါဂွမ်းထွက်ရှိမှု အထုပ်ရေ ၃၁၃ သိန်းသို့ လျော့နည်းကျဆင်းမည်ဟုခန့်မှန်း

Powered by Drupal

      အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ‌ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့၌ ဂူဂျရတ်ပြည်နယ်၊ Rajkot ဈေးကွက်တွင် ဝါဂွမ်း တစ်ကွင်တယ် (ဝ.၁ တန်) လျှင် ရူပီး ၈ဝဝဝ သို့မြင့်တက်လျက် ဈေးကွက်အတွင်း ဝင်ရောက်လာသည့် ဝါဂွမ်းများမှာ ၁၈ဝဝ ကွင်တယ် ရှိခဲ့ပါသည်။ ဂူဂျာရတ်တွင် ပြုပြင်သန့်စင်ထားသော ဝါဂွမ်း (ရှန်ကာ-၆) ၂၉ မီလီမီတာ ဈေးနှုန်းမှာ တစ်ကန်ဒီ (candy) (၃၅၆ ကီလိုဂရမ်) လျှင် ရူပီး ၆၁၃ဝဝ ရှိခဲ့ပါသည်။

      အိန္ဒိယနိုင်ငံ ဝါဂွမ်းအသင်း၏ ခန့်မှန်းချက်အရ စုစုပေါင်းဝါဂွမ်းရရှိနိုင်မှုမှာ ယခုနှစ် ထုတ်လုပ်မှုမှ ထုပ်ရေ ၃၁၃ သိန်း၊ ပြည်ပမှတင်သွင်းမှု ထုပ်ရေ ၁၂ သိန်းနှင့် ရှေ့ရာသီမှ ကုန်လက်ကျန် ထုပ်ရေ ၃၁.၈၉ သိန်း၊ စုစုပေါင်း ထုပ်ရေ ၃၅၆.၈၉ သိန်း ရှိမည်ဖြစ်ကြောင်း၊ သုံးစွဲမှုအပိုင်းတွင် ပြည်တွင်းသုံးစွဲမှုမှာ ထုပ်ရေ သိန်း ၃ဝဝ တွင် ဆက်လက်တည်တံ့နေမည်ဖြစ်ပြီး ပို့ကုန်မှာ ထုပ်ရေ သိန်း ၃ဝ နှင့် လတ်တလောနှစ်များတွင် အနိမ့်ဆုံးအဖြစ် စာရင်းပိတ်ကုန်လက်ကျန် ထုပ်ရေ ၂၆.၈၉ သိန်းခန့်  ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 16 March, 2023