စံပယ်ဆန်အတုများ ရောင်းချခဲ့ခြင်းအပေါ် တရုတ်နိုင်ငံရှိ စက်ရုံသုံးခုအား ထိုင်းအာဏာပိုင်များက စွဲချက်တင်ဆောင်ရွက်လျက်ရှိ

Powered by Drupal

     ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။      

     တရုတ်နိုင်ငံရှိ ထိုင်းစိုက်ပျိုးရေး ကောင်စစ်ဝန်ရုံးမှ စစ်ဆေးတွေ့ရှိချက်အရ Anhui Huainan Shouxian Yongliang ဆန်စပါးလုပ်ငန်း၊ Anhui Xiangwang ကောက်နှံများ၊ ဆီများနှင့် အစားအသောက်နည်းပညာနှင့် Huainan Chufeng စက်မှုနှင့်ကုန်သွယ်မှုကုမ္ပဏီများသည် ဒေသထွက်ဆန်များကို အနံ၊ အရသာများ ပြုပြင်၍ ထိုင်းစံပယ်ဆန်အဖြစ် ရောင်းချခဲ့ခြင်းဖြစ်ပြီး ရနံ့အတွက် Pyrazine နှင့် Pyrrole ကို အသုံးပြု၍ ဆန်ကို ပြုပြင်ထုတ်လုပ်ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံတွင် အဆိုပါ ဓါတုပစ္စည်းနှစ်မျိုးလုံးကို တရားမဝင် အစားအစာ အနံ့အရသာ အဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

    အဆိုပါ စက်ရုံများသည် ရနံ့တုများကို ဝယ်ယူခဲ့ပြီး စားသောက်ကုန်အတု ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုခံထားရပြီး လွန်ခဲ့သည့်ခြောက်နှစ်တွင်လည်း လုပ်ငန်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးသွားသည့် အမှုဖြင့်လည်း တရားစွဲဆိုခြင်းခံထားရကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်းအင်ဆာကူက ဆန်အတု နှင့် ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာပြီးနောက် အစားအသောက်အတုအနံ့အရသာများ ရောင်းချသည့် အွန်လိုင်းဆိုင် အများအပြားကို ပိတ်ပစ်ခဲ့ကြောင်း၊ အာဏာပိုင်များကလည်း ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိသောကြောင့် စက်ရုံများကို ပိတ်သိမ်းခဲ့ပြီး သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို စုံစမ်းစစ်ဆေးပြီးနောက် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Bangkok Post, March 17, 2023