ဆန်အတု ထုတ်လုပ်သည့်သတင်းများ ထွက်ပေါ်ပြီးနောက် အသိအမှတ်ပြုတံဆိပ်များ စစ်ဆေး၍ ဝယ်ယူရန် ထိုင်းနိုင်ငံက အကြံပြုထား

Powered by Drupal

     မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

   ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုပ်ပိုးမှုများပေါ်တွင် အရည်အသွေး အာမခံချက်ဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များရှာဖွေရန်နှင့် စစ်မှန်သော ထိုင်း ဟုန်မာလီဆန်ကိုသာ ဝယ်ယူကြရန် အကြံပြုထားပြီး အဆိုပါကြံပြုချက်သည် တရုတ်နိုင်ငံမှလာသော ဟုန်မာလီဆန်အတု အစီရင်ခံစာအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က တရုတ်နိုင်ငံရှိ ထုတ်လုပ်သူသုံးဦးသည် ထိုင်းစံပယ်ဆန်ကို တုပထုတ်လုပ်နေကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး ၎င်းတို့ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ကြောင်းနှင့် အဆိုပါဆန်အတုများသည် ထိုင်းဆန်၏ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါသည်။ 

   တရုတ်နိုင်ငံရှိ ထိုင်းနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးရုံးများသည် တုပ၍ ထုတ်လုပ်ထားသည့် ထုတ်ကုန်များအပေါ် မကြာခဏစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက် အရည်အသွေးအာမခံချက် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ဝယ်ယူသူများအကြား သတိပြုမိစေရန် အသိပညာပေးခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Pattaya Mail, March 20, 2023