အိန္ဒိယနိုင်ငံ၌ ပဲဈေးကွက် စောင့်ကြည့်ကြပ်မတ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်

Powered by Drupal

        အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တစ်လတာအတွင်း ၈% မှ ၁၀% အထိ မြင့်တက်ခဲ့ပြီး ကုလားပဲဈေးနှုန်းသည်လည်း ၄% မှ ၅% ခန့် မြင့်တက်ခဲ့ရာ ဗဟိုအစိုးရ အနေဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့်ကြပ်မတ်ရေးကော်မတီတစ်ရပ်အား ဖွဲ့စည်း၍ ဈေးကွက်အတွင်း ပဲစင်းငုံ ဝယ်ယူရရှိနိုင်မှုမြှင့်တင်ရေး အစီအမံများကို စတင် လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

       အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာန၏ မတ်လ ၂၇ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အရန်အတွင်းဝန် Ms. Nidhi Khare ဦးဆောင်သော ကော်မတီသည် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းလျက် သွင်းကုန်လုပ်ငန်းရှင်၊ ကုန်သည်ပွဲစား၊ စက်ပိုင်များနှင့် သိုလှောင်သူများ၏ လက်ဝယ်၌ ပဲစင်းငုံများ သိုလှောင်ထားရှိမှုအခြေအနေကို စောင့်ကြည့် ကြပ်မတ်မည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် ပဲများ အရေအတွက်ကောင်းမွန်စွာဖြင့် ပုံမှန်ဝင်ရောက်မှုရှိသော်လည်း ကုန်သည်များက ဈေးကွက် အတွင်းသို့ ပေးသွင်းဖြန့်ဖြူးမှု မရှိဟု သတင်းများ လက်ခံရရှိသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ ရည်ရွယ်ချက်မှာ ဈေးကွက်အတွင်း လက်ဝါးကြီးအုပ် သိုလှောင်မှုနှင့် မရိုးမဖြောင့်သော ဈေးကစားမှုများကို ကိုင်တွယ်လိုခြင်းဖြစ်ကြောင်း၊ အလားတူ ကြိုတင်ကာကွယ်မှုအနေဖြင့် အခြားသောပဲများအား သိုလှောင်ထားရှိမှုအခြေအနေကိုလည်း အနီး ကပ် စောင့်ကြည့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

       ပြည်တွင်း ပဲမျိုးစုံဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) များမှ တင်သွင်းသည့် ပဲများအပေါ် အကောက်ခွန် သုညရာခိုင်နှုန်း  ခွင့်ပြုထားသည့်နည်းတူ ဖွံ့ဖြိုးမှုအနည်းဆုံးမဟုတ်သော (Non-LDC) နိုင်ငံများထံမှ တင်သွင်းလာသည့် ပဲစင်းငုံလုံးပြည့် (Tur Whole) အပေါ် ကောက်ခံသည့် အခြေခံအကောက်ခွန်နှုန်း ၁၀% ကိုလည်း အိန္ဒိယအစိုးရက ၄-၃-၂၀၂၃ နေ့မှ စတင်ပယ်ဖျက်ပေးခဲ့ကြောင်း သိရှိရသည်။

Source: Press Information Bureau of India, 27 March 2023

(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)