အိန္ဒိယအစိုးရက ဆောင်းကြက်သွန်နီ တန်ချိန် ၃ သိန်း ဝယ်ယူမည်

Powered by Drupal

           အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr. Piyush Goyal က မတ်လ ၃၀ ရက်နေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။ ထို့အပြင် အိန္ဒိယ စားသုံးသူသမဝါယမအသင်းချုပ်နှင့်အမျိုးသား စိုက်ပျိုးရေးဈေးကွက်သမဝါယမ အသင်းလီမိတက် (NAFED) တို့ကိုလည်း မိုးနှောင်းသီးနှံ ရိတ်သိမ်းမှုမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရန်ညွှန်ကြားထားကြောင်း၊ သို့ရာတွင်မိုးနှောင်း ကြက်သွန်နီများမှာ ယခုအခါ ဈေးကွက်အတွင်း ရှာဖွေ၍မတွေ့နိုင်တော့ကြောင်းဖြင့် ၎င်းက ပြောဆိုပါသည်။

         လွန်ခဲ့သောလအတွင်း ကြက်သွန်နီဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းခဲ့ပြီးနောက် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက်သွန်စိုက်တောင်သူများက ဆန္ဒပြနေကြဆဲဖြစ်သည်။ နာရှစ်ခရိုင်ရှိ အကြီးမားဆုံး ကြက်သွန်နီဈေးကွက်ဖြစ်သော လာဆယ်ဂွန် အပါအဝင် အဆိုပါပြည်နယ်အတွင်း ကုန်စည်ဈေးကွက်များစွာအား ပိတ်သိမ်းထားရပြီး တောင်သူများက ကြက်သွန်နီများကို စုပုံထားရှိဆဲဖြစ်ပါသည်။ တောင်သူလယ်သမားများက ၎င်းတို့၏ထုတ်ကုန်များအတွက် ရရှိသည့်ဈေးနှုန်းမှာ သွင်းအားစုကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းမျှသာရှိပြီး လွန်စွာနိမ့်ကျလျက်ရှိရာ အခက်အခဲကြီးမားကျယ်ပြန့်စွာဖြစ်ပေါ်နေပြီး အစိုးရဌာနများက ဝင်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလျက်ရှိကြသည်။

       လွန်ခဲ့သော သီးနှံရာသီ ၂ ခုအတွင်း မိုးနှောင်းသီးနှံများ၏ ဈေးနှုန်းများမြင့်မားမှုနှင့်အတူ ပို့ကုန်အပေါ် ထိခိုက်သက်ရောက်မှုရှိသော သက်တမ်းတိုတောင်းသည့် ကြက်သွန်နီမျိုးများအား စိုက်ပျိုးမှုဖြစ်ပေါ်စေသည့် မုတ်သုံရာသီကာလရှည်ကြာခြင်းအပေါ် တောင်သူများက အပြစ်တင်ပြောဆိုလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ကဲ့သို့သောအဓိကဈေးကွက်နိုင်ငံများ၌ ကြက်သွန်နီများ စတင်စိုက်ပျိုးလာခြင်းကလည်း အိန္ဒိယ၏ ကြက်သွန်နီပို့ကုန်အပေါ် သက်‌ရောက်မှုဖြစ်ပေါ်စေ လျက်ရှိသည်။ ဈေးနှုန်းများ ကျဆင်းခဲ့မှုအပေါ် ကြက်သွန်စိုက်တောင်သူများအား တစ်ကွင်တယ်လျှင် ရူပီးငွေ ၃၀၀ နှုန်း ထောက်ပံ့ပေးရန် ယခုလအစောပိုင်း၌ မဟာရက်ရှ်ထရာပြည်နယ်အစိုးရ က သဘောတူညီခဲ့သည်။

        အိန္ဒိယနိုင်ငံ၌ ဧပြီလမှ ဇွန်လအတွင်း ရိတ်သိမ်းထွက်ရှိမည့် ဆောင်းကြက်သွန်နီများသည် စုစုပေါင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရိတ်သိမ်းမည့် မိုးကြက်သွန်နီများ ထွက်ပေါ်သည်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်အတွက် လုံလောက်မှုရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကြက်သွန်နီ တန်ချိန် ၂၆.၆၄ သန်း ထွက် ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃၁.၇၀ သန်းအထိ တိုးမြင့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ်တွင် ဗဟိုအစိုးရက ကြက်သွန်နီတန်ချိန် ၂.၅၀ သိန်း ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

Source: Economic Times, 30 Mar 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)